News

POST TYPE

NEWS

ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင် အရေအတွက် တိုးပွားလာခြင်းကို စိုးရိမ်စရာ မရှိဟုဆို
22-Jul-2016 tagged as

နေပြည်တော်၊ ဇူလိုင် ၂၁

၂ဝ၁၄ ခုနှစ်တွင်းက ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ ကိုးကွယ်ရာ ဘာသာဝင်များ စာရင်းတွင် ခရစ်ယာန် ဘာသာဝင်နှင့် အစ္စလာမ် ဘာသာဝင်များ တိုးပွားလာသော်လည်း စိုးရိမ်ရမည့် အနေအထား မဟုတ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသိမ်းဆွေက ပြောကြားသည်။

နေပြည်တော်ရှိ Max Hotel ၌ ပြုလုပ်သည့် သန်းခေါင်းစာရင်းပါ ကိုးကွယ်ရာဘာသာ ရာခိုင်နှုန်း ထုတ်ပြန်ပွဲတွင် မီဒီယာများကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၈၃ ခုနှစ်တွင် ကောက်ခံခဲ့သော သန်းခေါင်စာရင်း၌ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ၃ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ လက်ရှိစာရင်းတွင် ၄ ဒသမ ၃ ရာခိုင်နှုန်း ရှိနေပြီး ယခင်က ခရစ်ယာန် ဘာသာဝင် ၄ ဒသမ ၉ ရာခိုင်နှုန်း ရှိရမှ လက်ရှိတွင် ၆ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ကိုးကွယ်သည့် အခြားဘာသာ တိုးပွားလာခြင်းအပေါ် ရှေ့ဆက်စဉ်းစားရမည် ဖြစ်ပြီး တကယ်ရှိနေသည့် လူမျိုး၊ ဘာသာဝင်များ၏ အရေအတွက်စာရင်းကို ဖုံးကွယ်ထားမည် မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံ၏ ၂ဝ၁၄ ခုနှစ် ကောက်ခံထားသော စာရင်းအရ စာရင်းကောက်ခံထားသည့် ဦးရေ ၅ဝ,၂၇၉, ၉ဝဝ ဦးကို အခြေခံ တွက်ချက်ထားခြင်း ဖြစ်ပြီး ကောက်ခံမှု မပြုရသေးသော ခန့်မှန်းစာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ စုစုပေါင်းဦးရေ ၅၁,၄၈၆,၂၅၃ ခန့် ရှိမည်ဟု တွက်ချက်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။                                                          


  • TAGS