News

POST TYPE

NEWS

ဆရာများကိုယ်တိုင် သင်ယူလိုစိတ်ရှိရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
22-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၁

မျိုးဆက်သစ် လူငယ်ကျောင်းသား၊ ကျောင်းသူများကို အရည်အသွေးကောင်း ပညာရေး ပေးနိုင်ရန် ဆရာများအနေနှင့် ဘာသာရပ် တတ်ကျွမ်းမှု၊ သင်ယူမည့် ကလေးငယ်အကြောင်း သိကျွမ်းမှု သာမက မိမိကိုယ်တိုင်လည်း ဘဝတစ်လျှောက်လုံး သင်ယူချင်စိတ်ရှိရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇူလိုင်လ ၂၁ ရက်က နေပြည်တော် အားကစားရွာ၊ Social Zone, Gold Cam တွင် ပြုလုပ်သည့် အခြေခံပညာကဏ္ဍ ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေးနှီးနှောဖလှယ်ပွဲ အဖွင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

“ကိုယ်သင်နေတဲ့ တပည့်တပန်းတွေအကြောင်း သိရုံတင်မက ကိုယ့်အကြောင်းကိုလည်း သိပြီး ကိုယ့်ကိုယ်ကိုယ် တစ်ချိန်လုံး ပြုပြင်လိုချင်တဲ့ စိတ်ဓာတ် ရှိရမယ်။ တကယ့်ပညာဆိုတာ ဘဝတစ်လျှောက်လုံး သင်ယူသွားရမယ့် ကိစ္စ။ အဲဒီတော့ ကိုယ်တိုင်က ဘဝတစ်လျှောက်လုံး သင်ယူချင်တဲ့စိတ် မရှိရင် ဘယ်သူ့ ကို ကိုယ်က တကယ်ပညာသင်နိုင်မှာလဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ကြောင့် အခြေခံပညာကဏ္ဍ ဆရာများ၊ ပညာရေးဌာန ဝန်ထမ်းများ အားလုံး ထိုသို့ စိတ်ထားရှိရန် ပထမဦးဆုံး အရေးကြီးပြီး ယင်းမှတစ်ဆင့် အရည်အသွေး ပိုမိုကောင်းမွန်သည့် ပညာရေးကို မျိုးဆက်သစ် လူငယ်ကျောင်းသား၊ ကျောင်းသူများကို ပေးနိုင်ရန် နည်းလမ်းများ ကြိုးစားသင်ယူ ရှာဖွေရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ကိုယ်က စိတ်မပါဘဲနဲ့ တခြားသူ စိတ်ပါအောင်လုပ်ဖို့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားသည်။

ဆရာအတတ်ပညာပိုင်းတွင် သင်ကြားနည်း ၂၁ နည်း ရှိပြီး ပညာရေး၏ အဓိပ္ပာယ်၊ အနှစ်သာရအတိုင်း ကျောင်းသား၊ ကျောင်းသူများကို အထိရောက်ဆုံး ပေးနိုင်သည်မှာ ကလေးဗဟိုပြု သင်ကြားနည်း ဖြစ်ကြောင်း၊ ယင်းတွင် သင်ယူသူ ကလေး၏ စိတ်ပိုင်းဆိုင်ရာ၊ နောက်ခံအကြောင်းအရာ၊ ဉာဏ်ရည် စသည့် အခြေအနေများ သိရှိရန် အထူးလိုအပ်ကြောင်း ဆရာအတတ် ပညာရေး လမ်းညွှန်ချက်များအရ သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အခြေခံပညာ အလယ်တန်းပြ ဆရာမ ဒေါ်ထက်ထက်ဆွေက “အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပြောတာ မှန်ပါတယ်။ ဒါကို (ကလေးဗဟိုပြု သင်ကြားနည်း) ဆရာမတိုင်း သိမှာပါ။ ဒါပေမဲ့ ဆရာမတိုင်း လိုက်နာနိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကလေးနဲ့ ဆရာအင်အား မမျှလို့လို့ ထင်ပါတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပညာရေး ဝန်ထမ်းများ အနေနှင့် စေတနာ၊ ဝါသနာ၊ အနစ်နာစိတ်ဓာတ်၊ စွမ်းအားအပြည့်ဖြင့် အခြေခံပညာကို ခိုင်မာ၍ လေးစားတန်ဖိုးထားထိုက်အောင် ဆောင်ရွက်ရန် စသည့် အကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခု ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အခြေခံပညာကဏ္ဍတွင် အခြေခံပညာကျောင်း ၄၅,ဝဝဝ ကျော်၊ ဆရာ၊ ဆရာမများ အပါအဝင် ပညာရေး ဝန်ထမ်းပေါင်း လေးသိန်းကျော်နှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉ ဒသမ ၂ သန်းခန့် ပညာသင်ယူလျက်ရှိကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းမြင့်က ‘သင်ယူတတ်မြောက်မှု စစ်ဆေးခြင်းဆိုင်ရာ လေ့လာသုံးသပ်ချက်’ စာတမ်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒေါ်ခင်မာဆွေက ‘ဆရာများ၊ ကျောင်းအုပ်များ၊ ကျောင်းများ၏ စွမ်းဆောင်ရည်အပေါ် အကဲဖြတ်နည်းလမ်းများနှင့် အညွှန်းကိန်းများဆိုင်ရာ လေ့လာသုံးသပ်ချက်’ စာတမ်းများကို ဖတ်ကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတိုးဝင်းက ‘အခြေခံပညာ ဆရာ ဆရာမများ ခန့်ထားရေးဆိုင်ရာ သုံးသပ်လေ့လာတင်ပြချက်’ စာတမ်း ဖတ်ကြားပြီးနောက် စာတမ်းများကို အဖွဲ့ငယ်များဖွဲ၍ ဆွေးနွေးအကြံပြုကြပြီး ပြန်လည်တင်ပြညှိနှိုင်းခဲ့သည်။

ဆွေးနွေးပွဲကို ဇူလိုင်လ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးထံမှ သိရှိရသည်။