News

POST TYPE

NEWS

ရွှေတိဂုံအရှေ့ဘက်စောင်းတန်းရှိ နိဗ္ဗာန်ဆိုင်တွင် ဘာသာခြားထံမှ ပစ္စည်း ယူရောင်းသည်ဟုဆိုကာ အချင်းဖြစ်ပွား
21-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၀

ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းအတွင်း ဘာသာခြား ပစ္စည်း ယူရောင်းသည်ဟုဆိုသော နိဗ္ဗာန်ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်နှင့် မျိုးချစ်မြန်မာ ရဟန်းတော်များ အဖွဲ့မှဟုဆိုသည့် သံဃာအချို့ ပြဿနာဖြစ်ခဲ့ကြောင်း ရွှေတိဂုံစေတီ ဂေါပကအဖွဲ့နှင့် မျက်မြင်များက ပြောကြားသည်။

ဇူလိုင်လ ၂၀ ရက်၊ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်က အရှေ့ဘက်စောင်းတန်းရှိ အောင်ဇဗ္ဗူ နိဗ္ဗာန်ပစ္စည်းဆိုင်ပိုင်ရှင် ဒေါ်စန္ဒာသည် ဘာသာခြားထံမှ ဗုဒ္ဓဆင်းတုတော် ဝယ်ယူ ရောင်းချသည်ဟုဆိုကာ သံဃာတော် ရှစ် ပါးခန့်က ထိုသို့ ဝယ်ယူရောင်းချနေသည်ကို သိရှိလို၍ လာရောက် စစ်ဆေး မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် လုံခြုံ/မီးသတ် ဌာန၏ ဂေါပကရုံးသို့ ပေးပို့သည့် ရုံးတွင်း စာအရ သိရသည်။

ပုံမှန်ဖောက်သည် တစ်ဦးက အဆိုပါ ဆင်းတုတော်များကို အမြဲ ပို့နေခြင်းဖြစ်၍ ဝယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချ ခြင်းဖြစ်ကြောင်းကို ဒေါ်စန္ဒာက သံဃာများထံ ပြန်လည်လျှောက်တင်ခဲ့ကြောင်း၊ ယင်းအချိန်တွင် ဈေးတာဝန်ခံ ဦးသန်းထွန်းက ထိုကိစ္စကို ဖြေရှင်းလိုလျှင် ဂေါပကရုံးသို့ သွားသင့်သည်ဟု အကြံပြုခဲ့ကြောင်း ရုံးတွင်း စာတွင် ဖော်ပြထားသည်။

သံဃာများက ဦးသန်းထွန်း အကြံပြုချက်အပေါ် လက်မခံဘဲ ဆိုင်တွင်းရှိ ပစ္စည်းများကို ဝင်ရောက် ဆွဲယမ်း ကိုင်တွယ်စဉ် အလယ်ပစ္စယာ တပ်ခွဲမှ တာဝန်မှူး ဦးကြည်ဆန်းက ဂေါပကအဖွဲ့ရုံးသို့ သွားရောက် ဖြေရှင်းမှ အဆင်ပြေမည်ဟု သံဃာတော်များကို ထပ်မံ လျှောက်ထားရာ သံဃာတော်များက သဘောတူသောကြောင့် တာဝန်မှူး ရုံးခန်းသို့ ပင့်ဆောင်လာပြီး ရုံးအဖွဲ့မှူးနှင့် တွေ့ဆုံခဲ့ကြောင်း ရုံးတွင်းစာအရ သိရသည်။

“ဒါက အုပ်ချုပ်ရေးပိုင်းတွေက လုပ်ရမယ့်ကိစ္စဆိုတော့ ဒီလို လုပ်တာတော့ မကောင်းဘူးပေါ့။ သူတို့ ဖြစ်ချင်တာကို ကျွန်တော်တို့ကိုပြောရင် ကျွန်တော်တို့က တင်ပြ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောဆိုသည်။

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးက သံဃာတော်များကို အရှင်ဘုရားတို့ ဖြစ်စေချင်သည့် အကြောင်းအရာများကို စာဖြင့် ရေးတင်ပါက ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း၊ သီတင်းသုံးသည့် လိပ်စာ အပြည့်အစုံဖြင့် တင်ပြသွားရန် လျှောက်ထားခဲ့ကြောင်း ဂေါပကအဖွဲ့ရုံးထံမှ သိရသည်။

“မျိုးချစ်မြန်မာ ရဟန်းတော်များအဖွဲ့က သံဃာတွေက ဒီဆိုင်ကို အချိန်ယူပြီး သေချာ စောင့်ကြည့်နေတဲ့သဘော ရှိပါတယ်။ ဆိုင်ရှင်နဲ့ ရုန်းရင်းဆန်ခတ် ပြဿနာ ဖြစ်တာတော့ မရှိပါဘူး၊ ဆိုင်အနှံ့ ဓာတ်ပုံတွေ ရိုက်သွားကြပါတယ်”ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ဆိုသည်။

ရွှေတိဂုံစေတီတော် အောက်ပစ္စယာ အရှေ့ဘက်စောင်းတန်း၊ ဆိုင်အမှတ် (၁၀၈) တွင် ရောင်းချလျက်ရှိသည့် ပိုင်ရှင်ဖြစ်သူ အမျိုးသမီးသည် နိဗ္ဗာန်ပစ္စည်း ရောင်းချခြင်းလုပ်ငန်းကို နှစ်ပေါင်း ၃၀ ကျော် ရောင်းချသူ တစ်ဦးဖြစ်ကြောင်း အနီးဝန်းကျင် ဆိုင်ခန်းများမှ ရောင်းချသူများက ပြောကြားသည်။

  • VIA