News

POST TYPE

NEWS

ဒေါ်အောင်ဆန်းစုကြည် အမေရိကသို့ လာရောက်ရန် အိုဘာမား ဖိတ်ကြား
21-Jul-2016
ရန်ကုန်၊ ဇူလိုင် ၂၀

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စုသို့ လာရောက်ရန် အမေရိကန် သမ္မတအိုဘားမားက ဖိတ်ကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

သမ္မတ အိုဘားမား၏ အမျိုးသား လုံခြုံရေး ကောင်စီအဖွဲ့ဝင် အမေရိကန် နိုင်ငံဆိုင်ရာ မဟာဗျူဟာ ဆက်ဆံရေးနှင့် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေး Mr. Benjamin Rhodes ဇူလိုင်လ ၁၉ ရက်မှ ၂၀ ရက်ထိ နှစ်ရက်ကြာ လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ ယခုလို ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောကြားသည်။

သွားရောက်မည့် အချိန်ကိုမူ ပြောကြားနိုင်ခြင်း မရှိသေးဘဲ နှစ်ဖက်အစိုးရ ညှိနှိုင်းမှုများ လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ဦးကျော်ဇေယျက ရှင်းပြသည်။

“အချိန်ဇယားက ညှိရဦးမှာပေါ့၊ နိုင်ငံခြားခရီးစဉ်တွေ ဘာတွေ ရှိမလဲ၊ နှစ်ဖက် အားလပ်မယ့်အချိန်က ဘယ်အချိန်လဲဆိုတာ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် Mr. Benjamin Rhodes တို့ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး မြန်မာ - အမေရိကန် ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေမှုများနှင့် ရခိုင်ပြည်နယ် အရေးများကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အစိုးရသစ်လက်ထက်တွင် ပြည်ပ ခရီးစဉ်များအဖြစ် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံများသို့ သွားရောက်ထားသည်။


  • VIA