News

POST TYPE

NEWS

ပျံကျဈေးသည် တစ်ထောင်ကျော်ကို မြို့တော်စည်ပင်က တရားစွဲ
21-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၀

ရန်ကုန်မြို့တော်တွင် ယခုနှစ် ဇန်နဝါရီလမှ လက်ရှိအချိန်အထိ စည်းကမ်းမဲ့ ရောင်းချသော ပျံကျဈေးသည် ၁၂၀၀ ကို တရားစွဲဆိုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

လမ်းမများပေါ်တွင် ဆိုင်ခင်းရောင်းချခြင်းများ၊ ကန့်သတ် နေရာများတွင် ရောင်းချခြင်းများ၊ သတ်မှတ်ချိန် ကျော်လွန် ရောင်းချသော ပျံကျဈေးသည်များကို တရားစွဲဆို ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ပျံကျဈေးသည်တိုင်းကို လိုက် ရှင်းလင်းနေတာ မဟုတ်ဘူး၊ စည်းကမ်မဲ့ ရောင်းတဲ့သူတွေကိုပဲ အရေးယူတာပါ”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပျံကျဈေးသည်များကို နီးစပ်ရာ ဈေးများတွင် နေရာ ရောင်းချခွင့်ပြုလျက်ရှိပြီး ယခု ဘဏ္ဍာနှစ်တွင် ပျံကျဈေးသည် ၂၀၀၀ ကျော်ကို နီးစပ်ရာ ဈေးတွင် ထပ်မံ နေရာချထားပေးရန် စီစဉ်နေကြောင်း ဈေးများ ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

“မရှိလို့ လမ်းဘေးမှာ ရိုးရိုးသားသား ဈေးရောင်းစား နေတာပါ။ စည်ပင်က တစ်ခုခုဆို ပျံကျဈေးသည် ရှင်းဖို့ပဲ လုပ်နေတယ်”ဟု ကျောက်တံတားမြို့နယ်တွင် သစ်သီးများ ရောင်းချသူ မတင်နွယ်က ဆိုသည်။

ယခင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း စည်းကမ်းမဲ့ ဈေးရောင်းချသည့် ပျံကျဈေးသည် ၂၇၀၈ ဦးကို တရားစွဲဆိုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာ ဌာနထံမှ သိရှိရသည်။ 

  • VIA