News

POST TYPE

NEWS

မြစ်ကြီးနား-ပူတာအိုလမ်း ပြန်ပွင့်
11-Mar-2018



မြစ်ကြီးနား၊ မတ် ၁၀

တစ်လကျော်ကြာ လမ်းပိုင်းသွား လာဆက်သွယ်ရေး ပြတ်တောက်ခဲ့သည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာ ယခုအခါ ပြန်လည်သွားလာ၍ ရနေပြီဖြစ်ကြောင်း ပူတာအိုဒေသခံများထံမှ သိရသည်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းရှိ တံတားအချို့ကို ဇန်နဝါလကုန်ပိုင်းက ကချင်လွတ်မြောက်ရေးတပ် ကေအိုင်ကေ၊ ကေအိုင်အိုတို့က မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း တစ်လခွဲကျော်ကြာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ရာမှ ယခုအခါ ပြန်လည်သွားလာ၍ရခြင်းဖြစ်သည်။

အဆိုပါ ဖျက်ဆီးခံရသည့် တံတားကို ပြုပြင်တည်ဆောက်မှု မပြီးစီးသေးသော်လည်း ယင်းတံတားအောက်ရှိ ယခင်လမ်းလွှဲဟောင်းမှ ပြန်လည်သွားလာခွင့်ရပြီဖြစ်ကြောင်း ပူတာအိုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေက ပြောကြားသည်။

“တံတားတွေကျတော့ ကျွန်တော်တို့မပြင်သေးဘူး။ တံတားတွေမပြင်သေးပေမယ့် တံတားရဲ့အောက်က လမ်းကြောင်းရှိတယ်။ အဲဒီကနေသွားလို့ရတယ်။ အခုသွားနေပြီ”ဟု ၎င်းက ဆိုသည်။

အဆိုပါ လမ်းပိုင်းကို ကုန်တင်ကားများ သွားလာခွင့်ရပြီဟု ဆိုသော်လည်း ဆိုင်ကယ်ကယ်ရီ ပြေးဆွဲနေသူများကို လုံခြုံရေးအခြေအနေအရ သွားလာခွင့်မပြုသေးကြောင်း၊ ထို့ပြင် ပူတာအိုဒေသအတွင်း လက်ရှိကုန်ကားများရောက်လာခြင်း မရှိသေးသည့်အတွက် ပူတာအိုမြို့တွင်းနှင့် ဒေသအနီးတစ်ဝိုက်တွင် စက်သုံးဆီဈေးနှင့် ဆန်ဈေးနှုန်းမှာ လျော့ကျသွားခြင်း မရှိသေးကြောင်း ပူတာအိုမြို့ ဒေသခံ ဦးအောင်ခမ်းက ပြောကြားသည်။

ယင်းလမ်းပိုင်း ပြတ်တောက်မှုကြောင့် ပူတာအိုမြို့နယ်အတွင်း စက်သုံးဆီများ ရှားပါးပြတ်လပ်ခဲ့ရာ ဓာတ်ဆီတစ်ဂါလန်လျှင် ကျပ်လေးသောင်းကျော်အထိ ပြီးခဲ့သည့်လအတွင်းက ရောက်ရှိခဲ့ပြီး ဆန်ဈေးနှင့် အခြားကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့သည်။ 

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အနီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း မိုင်တိုင် ၁၁၁ နေရာရှိ စီနင်ခချောင်းကူး၊ ဇနန်သံဘောင် ဘေလီတံတားနှင့် ယင်းတံတားမှ တစ်မိုင်ခန့်အကွာရှိ သံဘောင်ဘေလီတံတားတို့ကို ကေအိုင်အေနှင့် ကေအိုင်အိုတို့က ဖျက်ဆီးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။ 

R-06


  • VIA