News

POST TYPE

NEWS

ချင်းတွင်းမြစ်တွင် ဓမ္မစေတီ ခေါင်းလောင်း ပေါ်မည်ဟုဆိုကာ လာရောက်စောင့်ကြည့်သူ များပြား
21-Jul-2016

ကလေး၊ ဇူလိုင် ၂ဝ
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မောက္ကတော်ကျေးရွာအနီးရှိ ချင်းတွင်းမြစ်နှင့် ကုက္ကားချောင်းဝဆုံရာ ချင်းတွင်းမြစ်အတွင်း မဟာမြိုင် သဲဖြူဆရာတော် ဦးပညာဇောတ၏ အိပ်မက်အရ ဓမ္မစေတီ ခေါင်းလောင်း ပေါ်လာမည်ဆိုကာ ရပ်နီး ရပ်ဝေးမှ လာရောက် ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း မောက္ကတော်ကျေးရွာမှ ဦးအေးမင်းအောင်က ပြောကြားသည်။
“ဝါဆိုလပြည့်နေက ပေါ်မယ်ဆိုလို့ အနယ်နယ် အရပ်ရပ်က လာကြည့်ကြတာ လူနှစ်ထောင်လောက် ရှိမယ်၊ အဲ့ဒီနေ့မှာ မပေါ်လို့ဆိုပြီး ဝါဆိုလပြည့်ကျော် ၂ ရက်နေ့မှာ ပေါ်လာမယ်ဆိုလို့ ထပ်စောင့်နေကြတယ်”ဟု ၎င်းက ပြောဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်း ပေါ်လာမည် ဆိုသည့်အပေါ် မှတ်ချက်ပေးရန် ခက်ခဲသော်လည်း လိုအပ်ပါက ဝိုင်းဝန်း ဆောင်ရွက်ပေးရန်သာရှိကြောင်း၊ ဓမ္မစေတီခေါင်းလောင်း တွေ့မည်ဆိုသော နေရာမှာ ခရိုင်နယ်နိမိတ်အတွင်း ရှိနေသည့်အတွက် မင်းကင်းမြို့ အုပ်ချုပ်ရေးမှူးကို လိုအပ်လျှင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရန် မှာကြားထားကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေမှူး ဦးဇော်မိုးက ပြောကြားသည်။
ကလေးဝမြို့ မဟာမြိုင်တောအတွင်း သီတင်းသုံးနေသည့် သဲဖြူဆရာတော်၏ အိမ်မက်အရ မောက္ကတော် ကျေးရွာအနီးရှိ ချင်းတွင်းမြစ်အတွင်း ဓမ္မစေတီခေါင်းလောင်းကို နတ်နဂါးများ အကူအညီဖြင့် ဆယ်ယူမည်ဟုဆိုသောကြောင့် ဇူလိုင် ၁၇ ရက်နေ့မှ စတင်ကာ ယင်းနေရာအနီးတွင် ခေါင်းလောင်ပေါ်ပါက မြင်တွေ့နိုင်ရန် လာရောက် ကြည့်ရှုသူများ များပြားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဆရာတော်၏ အိမ်မက်အရ ဝါဆိုလပြည်ကျော် ၂ ရက်နေ့ ဇူလိုင် ၂၁ ရက်နေ့တွင် ခေါင်းလောင်း ပေါ်လာမည်ဟု သတင်း ထွက်ပေါ် နေသောကြောင့် ချင်းတွင်းမြစ်ရိုး တစ်လျောက်ရှိ မြို့များမှ မြစ်ကြောင်းအတိုင်း မော်တော်များဖြင့် လာရောက် ကြည်ရှုကြသော်လည်း မောက္ကတော်ကျေးရွာနှင့် အနီးဆုံးမြို့ဖြစ်သော မင်းကင်းမြို့မှ သူများအနေနှင့် ကောလဟလသာ ဖြစ်နိုင်သည်ဟု သုံးသပ်ကာ လာရောက်ကြည်ရှုသူ မရှိသလောက် နည်းပါးကြောင်း မင်းကင်းမြို့နေ ဦးကျော်မင်းအောင်က ပြောသည်။
မဟာမြိုင်နှင့် သဲဖြူဆရာတော် ဦးပညာဇောတသည် ကလေးဝမြို့နယ် မဟာမြိုင်တောအတွင်း သီးတင်း သုံးနေသည်မှာ ၁၅ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ကလေးဝမြို့ ဒေသခံများထံမှ သိရှိ ရသည်။
၂ဝ၁၅ နှစ်ကုန်ပိုင်းက ဆရာတော်က မြန်မာ - အိန္ဒိယ နယ်စပ် တမူးမြို့ သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရန် နဂါးမင်းသမီးရေအိုင်ဟု အမည် သတ်မှတ်ပေးထားသည့် ရေအိုင်ကို တူးဖော်ပေးခဲ့သည်ကြောင်း တမူးမြို့တွင် နေထိုင်သူ ဦးအောင်သူချမ်းက ပြောကြားသည်။

  • VIA