News

POST TYPE

NEWS

တိုက်ပွဲများကြောင့် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း တည်ဆောက်မှုရပ်နား
20-Feb-2018
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၉

တပ်မတော်နှင့် ကချင်လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် နယ်မြေလုံခြုံရေးအခြေအနေအရ လုံခြုံမှုမရှိသည့်အတွက် မြစ်ကြီးနားနှင့် ပူတာအိုလမ်းပိုင်းတွင် တည်ဆောက်မှုလုပ်ငန်းများကို ရပ်နားထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက နှစ်ဖက်ထိတွေ့ တိုက်ခိုက်နေခြင်းကြောင့် ယင်းလမ်းပိုင်းဆောက်လုပ်နေသည့် ကုမ္ပဏီများအနေနှင့် လုပ်ငန်းဆောင်ရွက်နိုင်ရန် အခက်အခဲများဖြစ်နေကြောင်း၊ လက်ရှိအချိန်တွင် လမ်းပိုင်းနယ်မြေအခြေအနေ လုံခြုံစိတ်ချရသည့် အနေအထားမရှိသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

အဆိုပါ လမ်းပိုင်း၌ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့နှင့် သက်ဆိုင်နေသည့်အတွက် နယ်မြေလုံခြုံရေးရှိမှသာ ယင်းလမ်းပိုင်းတည်ဆောက်မှုကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လတ်တလောလုပ်ငန်းများ ရပ်နားထားပြီး မည်သည့်အချိန်တွင် ပြန်လည်စတင်မည်ကို မသိရှိရသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အနီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း မိုင်တိုင် ၁၁၁ နေရာရှိ စီနင်ခချောင်းကူး၊ ဇနန်သံဘောင်ဘေလီ တံတားနှင့် ယင်းတံတားမှ တစ်မိုင်ခန့်အကွာရှိ သံဘောင်ဘေလီတံတားတို့ကို ကေအိုင်အေနှင့် ကေအိုင်အိုတို့က ဖျက်ဆီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ 

လက်ရှိတွင် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း အဆက်အသွယ်ပြတ်တောက်မှုကြောင့် ပူတာအိုဒေသအတွင်း စက်သုံးဆီရှားပါးမှုနှင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိရာ အခက်အခဲဖြစ်နေရကြောင်း ဒေသခံများထံမှ သိရသည်။ 

ယင်းကုန်ဈေးနှုန်းမြင့်တက်မှုကို အစိုးရကထိန်းညှိပေးရန် ယခုလ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပူတာအိုမြို့ပေါ်၌ ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့သည်။ 

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း ဆက်သွယ်ထားသည့် တံတားနှစ်စင်းကို ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေနှင့်ကေအိုင်အိုတို့က ဖျက်ဆီးခဲ့သည့်အတွက် အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးရန် အရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ပူတာအိုမြို့နယ် မဲဆန္ဒအမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန် (ခ) ခန်လင်က တင်သွင်းခဲ့သည်။

R-06


  • VIA