News

POST TYPE

NEWS

ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ ပြန်ဖွဲ့ရန်စီစဉ်
20-Feb-2018


မန္တလေး၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် စီစဉ်နေကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

ဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရန် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ခရိုင်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဂေါပကအဖွဲ့ကို ကောင်းမှုတော်ဘုရား ဩဝါဒဆရာတော်ကြီးများ၏ လမ်းညွှန်ချက်ကို ခံယူဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ ဂေါပကအဖွဲ့တွင် ဆောင်ရွက်လိုသူအမည်စာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ တောင်းဆိုမည်ဖြစ်ကြောင်း၊ ဂေါပကအဖွဲ့ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် ပုဂ္ဂိုလ်များကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ဦးဝင်းနိုင်က ပြောဆိုသည်။

“ဂေါပကဖွဲ့စည်းတာတွေလုပ်ပြီးရင် ငွေစာရင်းစစ်တာတွေ၊ လက်ရှိလုပ် ငန်းစဉ်တွေကို စစ်ကိုင်းတိုင်းစာရင်းစစ်ချုပ်ရဲ့ လမ်းညွန်မှုနဲ့ ဆောင်ရွက်သွားမယ်။ ဒါတွေပြီးရင် အစိုးရအဖွဲ့ကို တင်ပြမယ်။ အစိုးရအဖွဲ့ရဲ့ လမ်းညွန်မှုကိုခံပြီးတော့မှ ဘုရားကြီးကို ထုံးသင်္ကန်းကပ်ရင်ဘယ်လို၊ ရေဆေးသင်္ကန်ကပ်ရင် ဘယ်လိုဆိုတာတွေကို ပညာရှင်တွေနဲ့ စစ်ဆေးမှုတွေ လုပ်မယ်ပေါ့။ ဒါကတော့ ဆောင်ရွက်မယ့် လုပ်ငန်းစဉ် အဆင့်ဆင့်ပေါ့။ ဂေါပက ပြန်လည်ဖွဲ့စည်းနိုင်ဖို့အတွက်ကတော့ ဩဝါဒဆရာတော်ကြီးတွေကို ဒီရက်ပိုင်းမှာပဲ လျှောက်ထားမှာဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ဘုရားဂေါပကအဖွဲ့ကို ၁၉၈၆ ခုနှစ် ကစတင်ဖွဲ့စည်းခဲ့ကြောင်း၊ ခယက၊ မယက၊ သံဃနာယကအဖွဲ့တို့က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းထားကြောင်း ကောင်းမှုတော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

“ပြန်ဖွဲ့တာနဲ့ပတ်သက်ပြီး ဘာမှမပြောလိုပါဘူး။ လက်ရှိဂေါပကအဖွဲ့မှာ လူတွေနည်းသွားပြီ။ အဘတို့အနေနဲ့ကတော့ ဂေါပကအသစ်ဖွဲ့ပြီးရင် တာဝန်လွှဲပေးရုံပါပဲ။ ငွေစာရင်းနဲ့ ပတ်သက်ပြီးကလည်း အားလုံးအံကျပါပဲ”ဟု လက်ရှိ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတုတ်က ပြောကြားသည်။

ကောင်းမှုတော်ဘုရားကြီး လုံးတော်ပြည့် ထုံးသင်္ကန်းပြန်လည်ကပ်လှူနိုင်ရေးနှင့်ပတ်သက်၍ ဆန္ဒပြုလက်မှတ်များကို ဇန်နဝါရီလအတွင်းက ကောက်ခံခဲ့ရာ ဆန္ဒပြုလက်မှတ် သုံးသောင်းခွဲခန့် ရရှိထားပြီး ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံ စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့က တင်ပြထားသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးကို သီရိသုဓမ္မရာဇာ မဟာဓိပတိ သာလွန်မင်းက သက္ကရာဇ် ၉၉၈ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး သက္ကရာဇ် ၁၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း ဘုရားမှတ်တမ်းအရ သိရသည်။

M-05