News

POST TYPE

NEWS

ကောင်းမှုတော်စေတီထီးတော် ကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိမည့် ရွှေစင်ရွှေပြားများ ထပ်မံကပ်လှူ
29-Jan-2018


မန္တလေး၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီ၏ ထီးတော်ကို ကျပ်သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိမည့် ရွှေစင်ရွှေပြားများ ထပ်မံကပ်လှူနေပြီဖြစ်ကြောင်း ကောင်းမှုတော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

အမြင့် ၂၆ ပေခန့်ရှိ ထီးတော်ကို မျက်ပါးရပ်ရွှေဆိုင်းများဖြင့် ၂၀၁၀ ပြည့် နှစ်က ကပ်လှူထားခဲ့ရာ လက်ရှိတွင် ရွှေသက်တမ်းကုန်ပြီဖြစ်၍ ထီးတော်၏ အပေါ်ပိုင်း ၁၄ ပေခန့်ကို ပြီးခဲ့သည့်သုံးလခန့်က ရွှေစင်ရွှေပြားအသစ်များ ပြောင်းလဲကပ်လှူခဲ့ကြောင်း၊ ကျန်နေသည့် ၁၂ ပေကိုပါ ရွှေစင်ရွှေပြားများ ထမ်မံကပ်လှူနေခြင်းဖြစ်ပြီး ကျပ်သိန်း ၄၀၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းကြောင်း ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတုတ်က ပြောကြားသည်။

ရွှေပြားကပ်လှူခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၂၆ ရက်နေ့က စတင်ပြုလုပ်နေခြင်းဖြစ်ရာ ဖေဖော်ဝါရီပထမပတ်အတွင်း လုပ်ငန်းပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း၊ ယခုကပ်လှူမည့် လုပ်ငန်းပိုင်းသည် အမြင့် ၁၂ ပေ၊ အောက်ခြေပတ်လည် ၅၈ ပေခန့်ရှိကြောင်း ၎င်းက ရှင်းပြသည်။

ရာဇမဏိစူဠာဘွဲ့ခံ ကောင်းမှုတော်စေတီသည် စစ်ကိုင်းမြို့မြောက်ဘက် ခြောက်မိုင်ခန့်အကွာတွင်ရှိပြီး သတိုးဓမ္မရာဇာဘွဲ့ခံ သာလွန်မင်းကြီးက မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ်၊ ခရစ်နှစ် (၁၆၃၆)၊ တော်သလင်းလဆန်း (၁၀) ရက်၊ တနင်္လာနေ့တွင် တည်ထားကိုးကွယ်ခဲ့ရာ စေတီတော်၏ ဉာဏ်တော်မှာ ၁၀၁ တောင်၊ လုံးပတ် ၅၀၂ တောင် ၂ မိုက် ၄ သစ်ရှိပြီး အုတ်ချပ်ရေ ဆယ်သန်းကျော်ဖြင့် တည်ထားခဲ့ကြောင်း ဘုရားသမိုင်းမှတ်တမ်းများအရ သိရသည်။

M-05