News

POST TYPE

NEWS

ကောင်းမှုတော်စေတီ ထုံးသင်္ကန်းပြန်ကပ်ရေး မြို့လုံးကျွတ်လှုပ်ရှားမှု ယနေ့စမည်
12-Jan-2018


မန္တလေး၊ ဇန်နဝါရီ ၁၁


စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီကို ရွှေသင်္ကန်းကပ်လှူပူဇော်ထားရာမှ ထုံးသင်္ကန်း ပြန်လည်ကပ်လှူနိုင်ရေး မြို့လုံးကျွတ်လှုပ်ရှားမှုကို ဇန်နဝါရီလ ၁၂ ရက် (ယနေ့) စတင်မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့ထံမှ သိရသည်။


မြို့မိမြို့ဖများ၏ ဦးဆောင်မှုဖြင့် ဇန်နဝါရီလ ၆ ရက်နေ့ကစ၍ ဆန္ဒပြုလက် မှတ်များကောက်ယူခဲ့ရာ လက်ရှိတွင် လက်မှတ် ၂၀ဝ ခန့် ရရှိပြီးဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁၂ ရက်နေ့က စတင်ကာ စစ်ကိုင်းမြို့ရှိ လူမှုရေးအသင်းအဖွဲ့များ၊ ဆွမ်းလောင်းအသင်းစသည့် အဖွဲ့ပေါင်းစုံဖြင့် မြို့လုံးကျွတ် လက်မှတ်ကောက်ယူမည့်လုပ်ငန်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောကြားသည်။


စစ်ကိုင်းမြို့တွင် လှုမှုရေးအဖွဲ့အစည်းများနှင့် ဆွမ်းလောင်းအသင်း စုစုပေါင်း ၆၀ ကျော်ရှိရာ ယင်းအဖွဲ့များက ရပ်ကွက်အလိုက်၊ လမ်းအလိုက် ဇန်နဝါရီလ ၁၇ ရက်နေ့ထိ ကောက်ယူမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်သည်။


“အနယ်နယ်အရပ်ရပ်က လာတဲ့သူတွေအနေနဲ့ ထုံးသင်္ကန်းနဲ့တုန်းက ဝမ်းသာပီတိဖြစ်ကြတယ်။ ရွှေသင်္ကန်းပြောင်းလိုက်တဲ့အခါမှာ ကြည်ညိုစိတ်က တစ်မျိုးတစ်မည်ဖြစ်သွားတယ်။ ထုံးသင်္ကန်း ပြန်လည်ကပ်လှူဖို့လုပ်တဲ့အခါမှာ တတ်နိုင်သလောက် လုပ်ပေးမယ်” ဟု စစ်ကိုင်းမြို့ သံဃဒါနဆွမ်းလောင်းအသင်း အမှုဆောင်တစ်ဦးဖြစ်သူ ဦးစိုးဝင်းက ပြောကြားသည်။


ကောင်းမှုတော်ဘုရားကို ထုံးသင်္ကန်းပြန်လည်ကပ်လှူပူဇော်နိုင်ရန် လူထုသဘောထား ကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၆ ခုနှစ်ကလည်း စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုလုပ်ခဲ့ဖူးသည်။


၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က ဘုရားဖူးရောက်လာသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ညွန်ကြားချက်အရ ကျပ်သိန်းပေါင်း ၃၅၄၀ အကုန်အကျခံကာ ကောင်းမှုတော်ဘုရားကို ရွှေသင်္ကန်း ကပ်လှူခဲ့ခြင်းဖြစ်ကြောင်း ဘုရားဂေါပက မှတ်တမ်းများအရ သိရသည်။


ရာဇမဏိစူဠာကောင်းမှုတော် ဘုရားကြီးကို သက္ကရာဇ် ၉၉၈ ခုနှစ်တွင် သီရိသုဓမ္မရာဇာ မဟာဓိပတိသာလွန်မင်းတရားကြီးက စတင်တည်ထားခဲ့ပြီး သက္ကရာဇ် ၁၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့ရာ လက်ရှိတွင် ကောင်းမှုတော်စေတီ၏ သက်တမ်းသည် နှစ်ပေါင်း ၃၈၀ ရှိနေပြီး ခေတ်အဆက်ဆက် အလှူရှင်များက ထုံးသင်္ကန်းသာ ကပ်လှူပူဇော်ခဲ့ကြရာမှ ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ရွှေသင်္ကန်းအဖြစ် ကပ်လှူခဲ့သည်။


M-05