News

POST TYPE

NEWS

စစ်ကိုင်း ကောင်းမှုတော်စေတီ ရွှေသင်္ကန်းထပ်ကပ်မည်ဟု သတင်းထွက်၊ ဂေါပကအဖွဲ့ငြင်းဆို
03-Jan-2018


မန္တလေး၊ ဇန်နဝါရီ ၂

စစ်ကိုင်းမြို့ ကျက်သရေဆောင် ရာဇမဏိစူဠာကောင်းမှုတော်စေတီကို ရွှေသင်္ကန်းသာ ထပ်မံကပ်လှူမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်နေမှုသည် ကောလာဟလသာဖြစ်ကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့က ငြင်းဆိုလိုက်သည်။

ကောင်းမှုတော်ဘုရားကြီး၏ နေရာ ၁၀ နေရာခန့်တွင် အမည်းကွက်များ ဖြစ်ပေါ်နေရာ ယင်းနေရာများကို ရွှေသင်္ကန်းများဖြင့် ပြန်လည်ဖာထေးရန် စီစဉ်နေခြင်းသာဖြစ်ကြောင်း၊ ယင်းကဲ့သို့ စီစဉ်နေမှုအပေါ် ဘုရားတစ်ခုလုံးကို ရွှေသင်္ကန်းဖြင့် ပြန်လည်ကပ်လှူပူဇော်မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း ရာဇမဏိစူဠာကောင်းမှုတော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးတုတ်က ပြောကြားသည်။

“ဘုရားက ရွှေသင်္ကန်းကပ်ထားတဲ့ အချို့နေရာတွေ မည်းနေတယ်။ ဒါကိုပြန်ပြီးတော့ ရွှေသင်္ကန်ကပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ရွှေသင်္ကန်းက အကောင်းကြီးရှိပါသေးတယ်။ နောက်ထပ် ၂ နှစ်လောက် နေလို့ရနိုင်ပါသေးတယ်။ ထုံးသင်္ကန်း ပြန်ကပ်မယ်ဆိုရင် ဒါကြီးက အကုန်ပြန်ခွာပစ်ရမှာ။ သက်တမ်းကုန်မှ ရွှေသင်္ကန်း ဒါမှမဟုတ် ထုံးသင်္ကန်းကပ်မယ်ဆိုတာ ဆုံးဖြတ်နိုင်မှာ” ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစု ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က ရာဇမဏိစူဠာ ကောင်းမှုတော်စေတီသို့ ဘုရားဖူးလာခဲ့ရာမှ ၎င်း၏ညွန်ကြားချက်ဖြင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလွင်နှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ရဲအောင်တို့က စီမံကွပ်ကဲကာ ကျပ် ၃၅၄၀ သိန်း အကုန်အကျခံကာ ရွှေသင်္ကန်းကပ်လှူခဲ့ခြင်းဖြစ်ကြောင်း ဘုရားဂေါပကမှတ်တမ်းများအရ သိရသည်။

ယင်းသို့ ကပ်လှူထားသည့် ရွှေသင်္ကန်းများ အရောင်မှေးမှိန်နေပြီဖြစ်၍ ရာဇမဏိစူဠာကောင်းမှုတော်စေတီကို အဖြူရောင်ထုံးသင်္ကန်း ပြန်လည်ကပ်လှူပူဇော်နိုင်ရေး စီစဉ်နေကြောင်း စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ပြောကြားသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာမေးခဲ့တယ်။ ဝန်ကြီး သူရဦးအောင်ကိုကလည်း ရွှေသင်္ကန်းသက်တမ်းကုန်တဲ့အချိန်မှာ ဩဝါဒါစရိယဆရာတော်ကြီးတွေရဲ့ ဩဝါဒနဲ့အညီ ပြည်သူ၊ ဂေါပက၊ တိုင်းသာသနာရေးနဲ့တိုင်ပင်ပြီး လုပ်ဖို့ရှိတယ်လို့ ဖြေခဲ့တယ်။ ဒါ့ကြောင့် ထုံးသင်္ကန်း ကပ်ဖို့အတွက် စီစဉ်နေတယ်။ ဘယ်တော့ လုပ်ဖြစ်မယ်ဆိုတာတော့ လတ်တလောမှာ မပြောနိုင်သေးဘူး” ဟု ၎င်းက ရှင်းပြသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် စေတီတော်ကြီးကို ထုံးသင်္ကန်း ပြန်လည်ကပ်လှူပူဇော်နိုင်ရေးနှင့် ပတ်သက်၍ စစ်ကိုင်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက မေးမြန်းခဲ့ဖူးသည်။ 

“ကျုပ်တို့စစ်ကိုင်းသားတွေ အထွတ်အမြတ်ထားရာ တိုင်းကျက်သရေဆောင် ကောင်းမှုတော်ဘုရားကြီးကို ဘုရားဒါယကာ သာလွန်မင်းတရာကြီးနဲ့တကွ ရဟန်းရှင် လူပြည်သူအပေါင်းလိုလာတဲ့ ဘောငွေရောင် ထုံးဖြူဖြူစေတီပုထိုးကြီးအဖြစ် ပြန်လည်ဖူးမြော်လိုပါတယ်” ဟု အသက် ၄၀ ခန့်အရွယ်ရှိ စစ်ကိုင်းမြို့ခံ ဦးပြည့်ဖြိုးအောင်က ပြောကြားသည်။

ရာဇမဏိစူဠာကောင်းမှုတော် စေတီကို သက္ကရာဇ် ၉၉၈ ခုနှစ်တွင် သီရိ သုဓမ္မရာဇာ မဟာဓိပတိသာလွန် မင်းတရားကြီးက စတင်တည်ထားခဲ့ပြီး သက္ကရာဇ် ၁၀၁၂ ခုနှစ်တွင် ပြီးစီးရာ လက်ရှိတွင် ဘုရားကြီး၏သက်တမ်းမှာ နှစ်ပေါင်း ၃၈၀ ရှိနေပြီး ခေတ်အဆက်ဆက် အလှူရှင်များက ထုံးသင်္ကန်းသာ ကပ်လှူပူဇော်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် ရွှေသင်္ကန်းအဖြစ် ကပ်လှူခဲ့သည်။

M-05