News

POST TYPE

NEWS

စည်းကမ်းမလိုက်နာသည့် ယာဉ်ကော်မတီများ အရေးယူမည်ဟု မွန်ဝန်ကြီးချုပ် သတိပေး

မော်လမြိုင်၊ စက်တင်ဘာ ၂၅

မွန်ပြည်နယ် မြို့နယ်များမှ ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ(ယထက)များ စည်းမျဉ်းစည်း ကမ်းမလိုက်နာပါက သက်ညှာမည် မဟုတ် ဘဲ ဥပဒေနှင့်အညီ အရေးယူမည်ဟု မွန် ပြည်နယ် ဝန်ကြီးချုပ်က သတိပေး ပြောဆို လိုက်သည်။

ပြည်နယ်အတွင်းရှိ ယာဉ်လုပ်ငန်း များ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီများနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့တို့ စက်တင်ဘာ ၂၄ ရက်က ပြည်နယ်အစိုးရရုံး ဟင်္သာခန်းမတွင် တွေ့ဆုံခဲ့ကြစဉ် ဝန်ကြီးချုပ်က ထိုကဲ့သို့ သတိပေးလိုက်ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ကာလတွေမှာ ဖြစ်ခဲ့တာ အပြစ် မပြောလိုတော့ပါဘူး၊ ထပ်မံရွေးချယ်တဲ့ ကော်မတီများအနေနဲ့ ဥပဒေကို လေ့လာပါ၊ တာဝန်ယူရမယ့်ဟာကို စည်းမျဉ်းနဲ့အညီ လုပ်ဆောင်ဖို့ လိုပါတယ်၊ ညှိနှိုင်းဆောင်ရွက်ကြပါ”ဟု ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။

လက်ရှိ ယာဉ်ကော်မတီများ မွန်ပြည်နယ် ပုဂ္ဂလိကယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ၊ နည်းဥပဒေကို ကျေညက်အောင် လေ့လာထားရန် လိုအကြောင်းနှင့် ဥပဒေပါအတိုင်း လုပ်ကိုင်ဆောင်ရွက်ရန် လိုကြောင်းလည်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

ယခင်သက်တမ်းက မော်လမြိုင်မြို့နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီတွင် ငွေစာရင်းရှင်းတမ်း ရှင်းလင်းရာ၌ ငွေကြေးကွာဟမှု ရှိခဲ့ပြီး ယင်းအပေါ် မကျေနပ်သည့် ယာဉ်လုပ်ငန်းရှင်များက ပြည်နယ်အစိုးရ၊ လွှတ်တော်ထံ တိုင်ကြားမှု ရှိခဲ့သည်။

ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီကို ၄ နှစ်တစ်ကြိမ် ပြန်လည် ဖွဲ့စည်းကာ ယခုသက်တမ်းအတွက် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီများကို ၂၀၁၇ ခုနှစ် စက်တင်ဘာ လဆန်းခန့်တွင် ပြန်လည်ဖွဲ့ထားသည်။

ယခုသက်တမ်းအတွက် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီများကို ဝန်ကြီးချုပ်က ပထမဆုံးအကြိမ် ခေါ်ယူ တွေ့ဆုံခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီအောက်ရှိ မြို့နယ် ၁၀ မြို့နယ်မှ ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီများ၊ ကျိုက်ထီးရိုး တောင်တက် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၊ မော်လမြိုင်မြို့နယ် စင်းလုံးငှား ယာဉ်ငယ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ စုစုပေါင်း ၁၂ ဖွဲ့တို့ တက်ရောက်ကြသည်။

Dawei Watch