News

POST TYPE

NEWS

ကလေးမြို့တွင် လူဦးရေ တစ်သောင်းနီးပါး ရေဘေးဒဏ်သင့်
ကလေး၊ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်နေသည့်အတွက် လူဦးရေ တစ်သောင်းနီးပါးမှာ ရေဘေးဒဏ်သင့်သည့်အတွက် ရေလွတ်ရာသို့ ပြောင်းရွှေ့နေရပြီး ဆက်သွယ်သွားလာရေးမှာ ပြတ်တောက်နေဆဲ ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနထံမှ သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်ကာ စက်တင်ဘာလ ၂၁ ရက်နေ့အထိ မြင့်တက်နေသည့် မြစ်သာမြစ်ရေကြောင့် ကလေးမြို့ရှိ ကျေးရွာရပ်ကွက် စုစုပေါင်း ၁၇ ခုမှ လူဦးရေ ၉၈၅၈ ဦးသည် ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။ 
ပြောင်းရွှေ့နေထိုင်ရသူများအတွက် ကယ်ဆယ်ရေးစခန်း ၁၇ ခု ဖွင့်လှစ်ကာ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ဆန်ရိက္ခာ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ပေးလျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။

ယင်းသို့ ရေကြီးနေခြင်းကြောင့် ကျောင်းသားများ၏ အသက်အန္တရာယ်ကို စိုးရိမ်ရသည့်အပြင် ရေဘေးရှောင်သူများကို နေရာချထားပေးရခြင်းများ ရှိနေသည့် အတွက် စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်ကာ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ပိတ်ထားရသည့် စာသင်ကျောင်း ၁၆ ကျောင်း ရှိကြောင်း ကလေးမြို့နယ်၊ ပညာရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“ရေပြန်ကျရင်တော့ အစားထိုး ဖွင့်လှစ်သင်ကြားပေးမှာပါ” ဟု ကလေးမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြစ်သာမြစ်ရေသည် စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်မြင့်တက်ခဲ့ရာ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ အချိန်တွင် စိုးရိမ်ရေမှတ် ၁၁၀၀ စင်တီမီတာ အထက် ၁၃၁၃ စင်တီမီတာအထိ ရောက်ရှိခဲ့ကာ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေတိုင်းထွာချက်အရ ၁၃၀၂ စင်တီမီတာသို့ ရောက်ရှိသည့်အတွက် မြစ်သာမြစ်ရေ ကျဆင်းနေကြောင်း ကလေးခရိုင်၊ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

“မြစ်သာမြစ်ရေ အမြင့်ဆုံးတက်ခဲ့တဲ့ အနေအထားကနေ အခုပြန်လည် ကျဆင်းနေပါပြီ။ ကလေးမြို့မှာလည်း မိုးကမရွာဘူး။ ချင်းတောင်ပေါ်က မြို့တွေမှာလည်း မိုးရွာသွန်းမှုလျော့သွားပြီ ဆိုတော့ မြစ်ရေဆက်လက်ကျနိုင်တယ်လို့ ယူဆရပါတယ်” ဟု အဆိုပါဌာန ဦးစီးအရာရှိ ဦးတင်စိုးက ပြောဆိုသည်။

ယင်းသို့ ရေကြီးမှုကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်း ဖြစ်သည့် ကလေး- တမူး မိုင် ၉၀ နီးပါး ရှည်လျားသည့်လမ်းရှိ ကနန်တံတားတစ်စင်း စက်တင်ဘာလ ၁၉ ရက်နေ့ ညနေက ချဉ်းကပ်လမ်း ပြိုကျခဲ့ရာ ပြန်လည်ပြင်ဆင်မှု မလုပ်ရသေးသော်လည်း စက်လှေဖြင့် လူတစ်ဦးလျှင် တစ်ထောင်ကျပ်နှုန်းဖြင့် ကူးပေးမှုကို စက်တင်ဘာလ ၂၁ ရက်နေ့က စတင်ပြုလုပ်ပေးနေသဖြင့် ကားကြီးကားငယ်များ သွားလာ၍ မရသေးသော်လည်း လူများမှ သွားလာ၍ ရနေကြောင်း ဒေသခံများက ပြောကြားသည်။

ကလေးမြို့နှင့် တမူးမြို့ ကားလမ်းပေါ်ရှိ ကလေးမြို့နှင့် ကျီကုန်းအကြား ၆ မိုင်ခန့်အရှည် ကားလမ်းမှာလည်း စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ မြစ်သာမြစ်ရေ ဖုံးလွှမ်းသဖြင့် ကားကြီးကားငယ်များ သွားလာမှု ရပ်ဆိုင်းခဲ့ရပြီး စက်တင်ဘာလ ၂၁ ရက်နေ့အထိ ရေဖုံးလွှမ်းနေသဖြင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းနေခဲ့သည်။

“လူနဲ့ ဆိုင်ကယ်ကတော့ စက်လှေတွေနဲ့ ကူးလို့ရပါတယ်။ စက်လှေကူးခ လူတစ်ဦး နှစ်ထောင်၊ ဆိုင်ကယ်တစ်စီး ငါးထောင် ဆိုတော့ ဈေးကတော့ များတာပေါ့ဗျာ။ ဒါပေမဲ့ မဖြစ်မနေဆိုတော့ သွားနေရတာပေါ့” ဟု ကလေးမြို့နေ ဦးမောင်ကိုက ပြောဆိုသည်။

ကလေးမြို့နယ်အတွင်း မိုးဆက်တိုက်ရွာပြီး တောင်ကျချောင်းရေနှင့် မြစ်ရေများ မြင့်တက်ခဲ့ခြင်းကြောင့် ကလေးမြို့နှင့် ကလေးမြို့ အနောက်မြောက်ဘက်ရှိ ကျေးရွာပေါင်း ၂၀ ခန့်သို့ ဆက်သွယ်သွားလာသည့် အရှည်ပေ ၁၀၀ ကျော်ရှိ တံတားသုံးစင်းမှာလည်း ပျက်စီးခဲ့၍ သွားလာ၍ အခက်အခဲရှိကြောင်း ဒေသခံများက ပြောကြားသည်။

“တောင်ကျချောင်းရေဆိုတော့ ဖြတ်ကူးလို့ မရသေးဘူး။ လောလောဆယ် ရှိတာစားပေါ့။ တစ်ရက်နှစ်ရက်နဲ့တော့ သိပ်ပြဿနာ မရှိဘူး။ ရက်ကြာရင်တော့ စားဝတ်နေရေး ကျန်းမာရေး ခက်ခဲတော့မှာ” ဟု လက်ပံချောင်းကျေးရွာနေ ဦးဂျက်စီကာက ဆိုသည်။

ကလေးမြို့တွင် ယခုတစ်ကြိမ် ရေကြီးမှုသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကကဲ့သို့ အခြေအနေ အလွန်ဆိုးရွားမှု မရှိသေးသော်လည်း ယခင်က တိုင်တစ်ခုလုံး နစ်မြုပ်ခဲ့သည့် ကလေးမြို့ ဆိုင်းဘုတ်မှာလည်း စက်တင်ဘာလ ၂၁ ရက်နေ့တွင် ၇ ပေ ကျော်အထိ နစ်မြုပ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။               

R-20