News

POST TYPE

NEWS

မောင်တော အကြမ်းဖက်မှုတွင် လုံခြုံရေး အပြည့်အဝ မပေးလိုက်နိုင်မှုကို တပ်ချုပ် တောင်းပန်
22-Sep-2017 tagged as တပ်မတော်

ရန်ကုန်၊ စက်တင်ဘာ ၂၁

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၁ ရက်က မောင်တောမြို့ပေါ်ရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ဒေသခံများနှင့် တွေ့ဆုံပြီး မောင်တော အကြမ်းဖက်မှုဖြစ်စဉ်တွင် လုံခြုံရေး အပြည့်အဝ မပေးလိုက်နိုင်မှုအပေါ် တောင်းပန်ကြောင်း ပြောကြားခဲ့သည်ဟု အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောဆိုသည်။

ယင်းအပြင် နယ်စပ်ခြံစည်းရိုးကို စစ်ဆေးရန် ဖောက်ထားသည့် ခြံစည်းရိုး တစ်လျှောက်ရှိ လမ်းမှာလည်း မိုးရာသီ ရေတိုက်စားမှုကြောင့် ပျက်စီးနေမှုကို ပြန်ပြင်သွားမည် ဖြစ်ကြောင်း နှစ်စဉ် မိုးရာသီအကုန်တွင် ယင်းလမ်းကို ပြင်ဆင်လေ့ရှိကြောင်း ၎င်းက ဆိုသည်။ 

“လုံခြုံရေးကာလတုန်းက သူ့အနေနဲ့ တချို့ရွာတွေကို ဖြန့်ကျက်ပြီးတော့ လုံခြုံမှု မပေးနိုင်တဲ့အတွက် ရွာတွေ ဖျက်ဆီးခံရတယ်၊ တချို့တွေ အသတ်ခံရတဲ့အပေါ် တာဝန်မကျေဘူးလို့ ခံစားခဲ့ရတယ်။ ဒါအတွက် တောင်းပန်ပါတယ်လို့ ပြောခဲ့တယ်” ဟု ဝေဟင်အောင် ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ ထူထောင်သူ ဦးဝေဟင်အောင်ကလည်း ပြန်လည်ပြောဆိုသည်။

ယင်းအပြင် ကာကွယ်ရေးဦးစီးချုပ်က လက်ရှိ လုံခြုံရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသခံများ ပြန်လည်နေရာချထားရေး အခြေအနေများကို ဒေသခံများ၏ ပြန်လည်ပြောကြားချက်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဒေသခံများက နယ်စပ်ခြံစည်းရိုးကို အပြည့်အဝကာပေးရန်၊ နေရပ်ပြန် ဒေသခံများကို လုံခြုံရေး တစ်စုံတစ်ရာ ကာကွယ်ပေးရန်၊ ရွာလုံးကျွတ် ပျက်ဆီးခဲ့သည့် ရွာများမှ ဒေသခံများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်နှင့်  လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

“အဲ့လိုပြောတဲ့အပေါ်မှာ ခြံစည်းရိုး ကာပေးဖို့ ကြိုးစားနေတဲ့အကြောင်း၊ တချို့အလှူငွေတွေနဲ့ အစိုးရဘတ်ဂျက်တွေ ရထားတဲ့အကြောင်း ပြောသွားတယ်” ဟု ၎င်းက ရှင်းပြပြောဆိုသည်။

ထို့ပြင် ရသေ့တောင်မြို့နယ်နှင့် စစ်တွေမြို့နယ်အစပ် အငူအမော် ရခိုင်ပြည်နယ်တောင်ပိုင်းအစမှ မြောက်ပိုင်းအဆုံးကို သွားလာနိုင်မည့် ကားလမ်းတစ်ခုနှင့် စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းတို့ကို ရာသီဥတု ကောင်းမွန်သည်နှင့် အမြန်ဆုံး ဖောက်လုပ်ပေးသွားမည်ဟု ကတိပေးသွားခဲ့ကြောင်း မောင်တောဒေသခံများထံမှ သိရသည်။

လုံခြုံရေး ဆောင်ရွက်မှုနှင့် ပတ်သတ်ပြီး နိုင်ငံတကာမှ စစ်တပ်ရုတ်သိမ်းပေးရန် ဖိအားပေးမှုများ ရှိနေသောကြောင့် တပ်မတော်မှ ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြောင်း ပြောကြားသည်။

ဒေသခံများကမူ စစ်တပ်ဆုတ်ခွာသွားရန် မလိုလားကြောင်း လုံခြုံရေးတပ်ဖွဲ့ကို အချိန်အတိုင်းအတာတစ်ခုထိ ထားရှိပေးရန် ပြောကြားခဲ့ပြီး ယင်းအပေါ် ကာကွယ်ရေးဦးစီးချုပ် အနေနှင့် တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောကြားသွားခြင်း မရှိကြောင်း ဦးဝေဟင်အောင်က ပြောသည်။

သြဂုတ်လ ၂၅ ရက်က ARSA အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့နယ်များမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတွင် ခိုလှုံနေသူ ဒေသခံ လေးရာကျော် ရှိကြောင်း ဝေဟင်အောင် ပရဟိတ ဖောင်ဒေးရှင်းထံမှ သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ စက်တင်ဘာ ၁၉ ရက်တွင် ရောက်ရှိနေပြီး စစ်တွေမြို့နှင့် မောင်တောမြို့ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့များ၊  အကြမ်းဖက်မှုကြောင့် ခိုလှုံနေရသည့် ဒေသခံများနှင့် တွေ့ဆုံကာ ကူညီထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခြင်းများကို ပြုလုပ်နေခြင်း ဖြစ်သည်။

ထို့ပြင် မောင်တောမြို့၊ အောင်မြေ ဗောဓိသာသနာ့ရိပ်သာနှင့် အမှတ် (၂) အခြေခံပညာကျောင်းခွဲ (၄) မိုင်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီများ၊ အခြေခံပညာမူလတန်းကျောင်း (မြို့မကညင်တန်း) ခန်းမရှိ အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီများကို တွေ့ဆုံကာ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ပြီး မောင်တောနယ်စပ် အမှတ် (၁) အဝင်အထွက်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ 

J-09