News

POST TYPE

NEWS

iPhone ၁၀၂ လုံး ခန္ဓာကိုယ်ထဲတွင် မှောင်ခိုထည့်လာသူ ဟောင်ကောင်လေဆိပ်တွင် ဖမ်းမိ
21-Jul-2017
ပေကျင်း၊ ဇူလိုင် ၂၀

တရုတ်နိုင်ငံသို့ သွားမည့် အမျိုးသမီးတစ်ဦး၏ ကိုယ်ခန္ဓာအတွင်း ဝှက်၍ယူဆောင်လာသော Apple ကုမ္ပဏီထုတ် iPhone ၁၀၂ လုံးကို ဟောင်ကောင်လေဆိပ် အကောက်ခွန်ဌာန တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းမီဒီယာ XMNN ၏ ထုတ်ပြန်ချက်ကို NDTV သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအတွင်း တင်သွင်းမည့် မှောင်ခိုဖုန်း ၁၀၂ လုံးအပြင် အမျိုးသမီး၏ ကိုယ်ခန္ဓာအတွင်း အထူးချုပ်ထားသော အတွင်းခံများ အတွင်းထဲမှ တန်ဖိုးကြီး လက်ပတ်နာရီ ၁၅ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

ဟောင်ကောင်လေဆိပ်တွင် အလွန်ပူအိုက်နေချိန်၌ အနွေးထည်ဆွယ်တာကို ဝတ်ဆင်ထားသည့် ပွရောင်းရောင်း ကိုယ်ခန္ဓာကို မသင်္ကာသောကြောင့် လေဆိပ်အကောက်ခွန်ဌာန တာဝန်ရှိသူများက စစ်ဆေးရာမှ မှောင်ခိုပစ္စည်းများကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အမျိုးသမီး၏ ကိုယ်ခန္ဓာအတွင်း ဝှက်ပြီး သယ်ဆောင်လာသည့် ပစ္စည်းစုစုပေါင်း အလေးချိန်မှာ ၂၀ ကီလိုဂရမ် (၄၄ ပေါင်ခန့်) ခန့်ရှိပြီး၊ iPhone ၁၀၂ လုံး၏ တန်ဖိုးမှာ အမေရိကန်ပြည်ထောင်စု ဈေးကွက်ပေါက်ဈေးအရ ဒေါ်လာတစ်သိန်းကျော်ခန့် တန်ကြေး ရှိကြောင်း NDTV သတင်းတွင် ရေးသားထားသည်။

ဖမ်းဆီးရမိထားသည့် iPhone များသည့် iPhone 6 အမျိုးအစားများဖြစ်ပြီး ဖုန်းများသည် အတုလား၊ အစစ်လား ဆိုခြင်းကို အကောက်ခွန်ဌာနမှ တာဝန်ရှိသူများက ယခုအထိ ခွဲခြားပြောနိုင်ခြင်း မရှိသေးကြောင်း၊ တရုတ်နိုင်ငံထုတ် သတင်းစာများတွင် ဖုန်းများကို မှောင်ခိုတင်သွင်းမည့် အမျိုးသမီးကို “အမျိုးသမီး Iron Man” ဟု တင်စားကာ ဖော်ပြနေကြကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ဟောင်ကောင်မှ တရုတ်နိုင်ငံသို့ နည်းမျိုးစုံဖြင့် Apple ကုမ္ပဏီထုတ် ပစ္စည်းများကို မှောင်ခိုခိုးထုတ်နေကြခြင်းမှာ တရုတ်နိုင်ငံတွင် ပိတ်ပင်တားဆီးမှု များသည့်အပြင်၊ ဈေးနှုန်းအရလည်း အလွန်ကွာခြားနေသောကြောင့် ဖြစ်သည်။

တရုတ်နိုင်ငံတွင် နိုင်ငံခြားဖြစ် ပစ္စည်းများအပေါ် အခွန်ကောက်ခံမှုနှုန်း များလွန်းသောကြောင့် Apple ပစ္စည်းများကို ရောင်းသူဝယ်သူ အများစုသည် မှောင်ခိုဈေးကွက်ကသာ  ဝယ်ယူသုံးစွဲမှု အများဆုံးဖြစ်ကြောင်း Gadgets News တွင်လည်း ရေးသားထားသည်။