News

POST TYPE

NEWS

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဇွန်နှင့် ဇူလိုင်လသို့ ပြောင်းရွှေ့ကျင်းပရန် စီစဉ်
19-Jul-2017

ကိပ်တောင်း၊ ဇူလိုင် ၁၉

အာဖရိက ဘောလုံးအဖွဲ့ချုပ်နှင့် အာဖရိကတိုက် ကိုယ်စားပြု နိုင်ငံများအလိုက် သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များသည် အာဖရိကနိုင်ငံများ ဖလားဘောလုံးပြိုင်ပွဲကို ဇွန်နှင့် ဇူလိုင်လသို့ အချိန်ပြောင်းရွှေ့ ကျင်းပရန် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။

အာဖရိက ဘောလုံးအဖွဲ့ချုပ်သည် လက်ရှိတွင် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ၂ နှစ်လျှင် တစ်ကြိမ်ကျစနစ်ဖြင့် ကျင်းပနေပြီး ပြိုင်ပွဲ ကျင်းပသည့်အချိန်မှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ဖြစ်နေသည့်အတွက် ကလပ်အသင်းများမှာ လွန်စွာ အခက်တွေ့နေရလျက် ရှိသည်။

ဥရောတစ်လွှားရှိ ဘောလုံး ကလပ်အသင်းများသည် အာဖရိကဖလား ပြိုင်ပွဲကျင်းပသည့်နှစ်များတွင် ၎င်းတို့၏အသင်းများရှိ အာဖရိက ကစားသမားများကို ပြိုင်ပွဲပါဝင်ကစားရန်အတွက် လက်ရွေးစင် အသင်းများထံသို့ စေလွှတ်ပေးရလေ့ရှိပြီး ယင်းသို့ စေလွှတ်ပေးရချိန်မှာ ရာသီဝက်ကာလနှင့် တိုက်ဆိုင်နေသည့်အတွက် ကလပ်အသင်းများက လွန်စွာ အခက်တွေ့ကြရလေ့ရှိသည်။

အာဖရိက ဘောလုံးအဖွဲ့ချုပ်သည် အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲကို ဇွန်နှင့် ဇူလိုင်လများသို့ အချိန်ပြောင်းရွှေ့ ကျင်းပရန် ဆွေးနွေးခဲ့သည့် အလုပ်အမှုဆောင် အစည်းအဝေးပွဲကို မော်ရိုကိုနိုင်ငံ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးပွဲတွင် ပြိုင်ပွဲဝင် အသင်းအရေအတွက် တိုးမြှင့်ရေးကိစ္စကိုလည်း သဘောထား တောင်းခံခဲ့ကြောင်း အာဖရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အာမတ်ဒ်က ထုတ်ဖော် ပြောကြားသွားခဲ့သည်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို လက်ရှိတွင် အသင်းအရေအတွက် ၁၆ သင်းဖြင့် ကျင်းပလျက်ရှိပြီး အနာဂတ်ကာလတွင် အသင်းအရေအတွက် ၂၄ သင်းအထိ ပါဝင်ယှဉ်ပြိုင်ခွင့် ရနိုင်ရန်အတွက် ၎င်းတို့အနေနှင့် ဆွေးနွေး ညှိနှိုင်းနေခြင်းဖြစ်ကြောင်းလည်း အာမတ်ဒ်က ရှင်းပြထားသည်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအစား ဇွန်နှင့် ဇူလိုင်လတို့သို့ အချိန်ပြောင်းရွှေ့ ကျင်းပရေးကိစ္စကို ယခင်ဥက္ကဋ္ဌဟောင်း ဟာယာတူး လက်ထက်ကတည်းကပင် အာဖရိက ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းနေခဲ့ခြင်းဖြစ်ပြီး ယင်းကာလက ဆွေးနွေးမှုများ မအောင်မြင်ခဲ့သည်မှာ ဥက္ကဋ္ဌ ဟာယာတူးက ဇွန်နှင့် ဇူလိုင်လတို့တွင် ရာသီဥတု အခြေအနေအရ အာဖရိကတိုက်တွင် ပြိုင်ပွဲကျင်းပရန် အဆင်မပြေနိုင်ဟု ထောက်ပြခဲ့ခြင်းများကြောင့် ဖြစ်သည်ဟု အာဖရိက ဘောလုံးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်တစ်ဦးက အသိပေးသွားခဲ့သည်။


  • VIA