News

POST TYPE

MANDALAY

မန္တလေး မူလတန်းကျောင်းသားများကို ဂျပန်နိုင်ငံထုတ် ဆိုင်ကယ်စီးဦးထုပ်များ ထောက်ပံ့မည်
06-Sep-2018

မန္တလေး၊ စက်တင်ဘာ ၅

မန္တလေးတိုင်းရှိ အခြေခံပညာအထက်တန်းကျောင်း ခုနစ်ကျောင်းတွင် ပညာသင်ယူနေသော မူလတန်းအရွယ် ကလေးငယ်များအတွက် ဂျပန်နိုင်ငံ ENEOS ကုမ္ပဏီက ဆိုင်ကယ်စီးဦးထုပ် ၂၉၂၀ လုံး ထောက်ပံ့ပေးခဲ့သည်။ 

ဂျပန်နိုင်ငံသည် တိုးတက်ပြောင်းလဲနေသည်နှင့်အမျှ ပတ်ဝန်းကျင် ဂေဟစနစ်များပျက်စီးခဲ့ရသည့်အတွက် လူသားအားလုံးကို ပြန်လည်စောင့်ရှောက်သောအနေနှင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ENEOS ကုမ္ပဏီ၏ ထောက်ပံ့ပေးမှုကို ကူညီပေးခဲ့သော မန္တလေးမြို့မှ Rainbow Bridge Distribution ကုမ္ပဏီ ဒါရိုက်တာ ဦးလှဖုန်းကျော်က ပြောကြားသည်။ 

“လုံခြုံစိတ်ချရတဲ့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းရမယ်ဆိုတာ မူလတန်းအရွယ်ကလေးဘဝတည်းကစပြီး ပြုစုပျိုးထောင်ပေးတာပါ” ဟု ၎င်းက ပြောဆိုသည်။ 

အနာဂတ်တွင် သားကောင်း၊ သမီးကောင်းများဖြစ်လာမည့် ကလေးငယ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန် ဆိုင်ကယ်စီးဦးထုပ်များ ထောက်ပံ့ပေးမှုကို ကျေးဇူးတင်ကြောင်း မန္တလေးတိုင်း ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

မန္တလေးခရိုင်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ ဆိုင်ကယ်ပါဝင်သောယာဉ်တိုက်မှု ၁၇၂ မှု ရှိခဲ့ပြီး သေဆုံးသူ ၈၁ ဦးနှင့် ဒဏ်ရာရသူ ၁၈၃ ဦးရှိကြောင်း မန္တလေးတိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး၏ စာရင်းများအရ သိရသည်။ 

M-04