News

POST TYPE

MANDALAY

မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာမှ စိတ်ကြွဆေးပြား လေးသောင်းကျော်ဖမ်းမိ
04-Sep-2018

မန္တလေး၊ စက်တင်ဘာ ၎

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများအတွက် မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချပေးထားသော မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းတစ်ခုတွင် နေထိုင်သူများထံမှ စိတ်ကြွဆေးပြား လေးသောင်းကျော် စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မူးယစ်တပ်ဖွဲ့နှင့် အောင်ပင်လယ် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်သတင်းအရ စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အောင်ပင်လယ်နယ်မြေ ရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဒေါ်အိသန္တာကျော် (ခ) ဖြူစင်အိထံမှ စိတ်ကြွဆေးပြား ၁၉၅ ပြား စစ်ဆေးတွေ့ရှိခဲ့ရာ အသက် ၃၅ နှစ်အရွယ်ရှိ ဦးပြည့်ဖြိုးအောင် (ခ) ကိုပြည့်က ရောင်းချခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာမှ ဆက်စပ်သူများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

ဒေါ်အိသန္တာကျော် (ခ) ဖြူစင်အိ၏ ထွက်ဆိုချက်အရ ဦးပြည့်ဖြိုးအောင် နေထိုင်ရာ တိုက်အမှတ် ၁၉ အခန်းအမှတ် ၁၀၁ တွင် ထပ်မံရှာဖွေခဲ့ရာ အသက် ၃၃ နှစ်အရွယ်ရှိ ဦးချမ်းမြေ့သူ (ခ) ဖိုးချမ်းကို တွေ့ရှိပြီး ၎င်းထံမှ စိတ်ကြွဆေး ၂၈၅ ပြား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ကိုစစ်ဆေးရာမှ ဦးပြည့်ဖြိုးအောင်၏ ညီမတော်စပ်သူအိမ်တွင် သိမ်းဆည်းထားကြောင်း ပေါ်ပေါက်ခဲ့ရာ အသက် ၃၂ နှစ်အရွယ်ရှိ ဒေါ်သက်သက်ဖြိုး (ခ) မသက်အိမ်မှ စိတ်ကြွဆေး ၄၁,၂၀၀ ပြား ဖမ်းဆီးနိုင်ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိရောင်းချနေသူများဖြစ်သည့် ဒေါ်အိသန္တာကျော် (ခ) ဖြူစင်အိ၊ ဦးပြည့်ဖြိုးအောင် (ခ) ကိုပြည့်၊ ဦးချမ်းမြေ့သူ (ခ) ဖိုးချမ်း၊ ဒေါ်သက်သက်ဖြိုး (ခ) မသက်တို့ကို အောင်ပင်လယ် နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဥပဒေပုဒ်မ ၁၉ (က)/၂၁ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့သည် သိန်းငှက် လုံခြုံရေး အထူးစီမံချက်ကိုဆောင်ရွက်လျက်ရှိရာ စီမံချက်စတင်သည့် ဇွန်လ ၂၅ ရက်နေ့မှ လက်ရှိအချိန်အထိ မူးယစ်တရားခံ ၁၃၉ ဦးနှင့် ကျပ်သိန်းပေါင်း ၅၆,၀၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိထားသည်။

M-04