News

POST TYPE

MANDALAY

ကုလားပဲဈေး အနည်းငယ်ပြန်ကျ
04-Sep-2018



မန္တလေး၊ စက်တင်ဘာ ၃

မန္တလေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်း ဈေးကွက်တွင် ကုလားပဲဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း ပဲ၊ နှမ်း ကုန်သည်အချို့က ပြောကြားသည်။ 

ကုလားပဲဈေးနှုန်းများသည် ယခုနှစ်တွင် အမြင့်ဆုံးဈေးရရှိခဲ့ရာမှ ရန်ကုန် ဝယ်လက်များအနေနှင့် လက်ရှိတွင် လိုသလောက်သာ ဝယ်ယူတော့သောကြောင့် ယခုရက်ပိုင်းအတွင်း ဈေးအနည်းငယ် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း မိုးသစ္စာ- ရောင်းဝယ်ရေးပိုင်ရှင် ဦးတင်အောင်မိုးက ပြောကြားသည်။ 

“ကုလားပဲက ဈေးအများကြီးတော့ မကျနိုင်ဘူး။ ကုန်လက်ကျန်လည်း နည်းတယ်။ ပြည်တွင်းသုံးအားလည်း ရှိနေတယ်”ဟု ၎င်းက ပြောဆိုသည်။ 

မန္တလေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းဈေးနှုန်း ထုတ်ပြန်ချက်များအရ ကုလားပဲ (ထိုင်ဝမ်၊ ၉၂၉၊ V2 တို့သည်) ဩဂုတ်လ ၃၀ ရက်နေ့က သုံးတင်းဝင်တစ်အိတ်လျှင် (ထိုင်ဝမ်) ၈၆,၀၀၀ ကျပ်၊ (၉၂၉) ၈၆,၀၀၀၊ (V2) ၈၃,၀၀၀၊ V7 ၈၀,၀၀၀ ကျပ် ဈေးနှုန်းရှိခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် ကုလားပဲ (ထိုင်ဝမ်) ၈၀,၀၀၀ ကျပ်၊ (၉၂၉) ၈၀,၀၀၀၊ (V2) ၇၈,၀၀၀၊ (V7) ၇၅,၀၀၀ ကျပ်သာ ဈေးရှိတော့ကြောင်း တွေ့ရသည်။ 

ယခုနှစ်တွင် ပြည်တွင်းထွက် ကုလားပဲများကို အိန္ဒိယနိုင်ငံက ဝယ်ယူမှုနည်းခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့က ဝယ်လိုအားကောင်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရသည်။ 

M-08