News

POST TYPE

LOCAL

ပညာရေးကောလိပ်နှင့် ပညာရေးတက္ကသိုလ် တက်ရောက်မည့်သူ အားလုံးကို လစဉ် ပညာသင် ထောက်ပံ့ကြေးပေးမည်
06-Jul-2017
ရန်ကုန်၊ ဇူလိုင် ၅

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ပညာရေးကောလိပ်နှင့် ပညာရေး တက္ကသိုလ်များ တက်ရောက်မည့် ကျောင်းသား ကျောင်းသူအားလုံးကို လစဉ် ပညာသင် ထောက်ပံ့ကြေးပေးမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ဆရာအတတ် ပညာနှင့် လေ့ကျင့်ရေးဌာနထံမှ သိရသည်။

ပညာရေးကောလိပ် (၂၃) ကျောင်းနှင့် ပညာရေးတက္ကသိုလ် (၂) ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူအားလုံးကို တစ်လလျှင် သုံးသောင်းကျပ်နှုန်းဖြင့် လစဉ် ထောက်ပံ့လျက်ရှိပြီး အခြားတက္ကသိုလ်များ၌မူ လျှောက်ထားသူများကို စိစစ်ပြီး ရွေးချယ်မှု ပြုလုပ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ဆရာအတတ်သင်နှင့် လေ့ကျင့်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

“အခြားတက္ကသိုလ်တွေမှာကျတော့ လူအကုန်မပေးနိုင်ဘူး။ သူတို့ရဲ့ ရွေးချယ်ရေးမူတွေ ရှိတယ်။ ဒေသအလိုက်၊ ကျောင်းအလိုက် ရွေးပြီးတော့ ကျောင်းသား ငါးရာခိုင်နှုန်း ဒါမှမဟုတ် ၁၀ ရာခိုင် နှုန်းလောက်ကို ထောက်ပံ့ကြေးငွေ ပေးတာ ရှိတယ်။ တစ်ကျောင်းနဲ့ တစ်ကျောင်း မတူဘူး” ဟု ၎င်းက ပြောဆိုသည်။

ဆင်းရဲနွမ်းပါးသဖြင့် တက္ကသိုလ်ပညာ ဆက်လက်သင်ယူရန် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများ အနေနှင့် ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်မည်ဖြစ်ပြီး စာမေးပွဲကျရှုံးမှု မရှိလျှင် ဘွဲ့ရသည်အထိ တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေးပေးမည် ဖြစ်ကြောင်း ဒေါက်တာအောင်အောင်မင်းက ထပ်မံပြောဆိုသည်။

လျှောက်ထားလိုသည့် ကျောင်းသားအနေနှင့် မိမိနေထိုင်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လိုအပ်သလို စိစစ်ရွေးချယ်ပြီး အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်) သို့ ပေးပို့မည်ဖြစ်သည်။

ပညာသင် ထောက်ပံ့ကြေးဆု လျှောက်ထားနိုင်ရန်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စာအိတ်တွင် ပညာသင်ထောက်ပံ့ကြေးဆု လျှောက်လွှာကို ထည့်သွင်းပေးထားမည် ဖြစ်ပြီး ပညာသင်နှစ် စတင်လျှင် ထပ်မံကြေညာပေးမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနထံမှ သိရသည်။

ရွှေဖူးခင်