News

POST TYPE

LOCAL

စမ္မာစရိယစာအောင် သံဃာတစ်ပါးလျှင် ကျပ်ငွေ နှစ်သောင်းသာ ဆုချီးမြှင့်
06-Jul-2017
ရန်ကုန်၊ ဇူလိုင် ၅

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ နှစ်စဉ် ကျင်းပလျက်ရှိသော ဓမ္မာစရိယ စာမေးပွဲ၌ စာအောင်သံဃာတော် တစ်ပါးလျှင် ကျပ်ငွေနှစ်သောင်းကို နှစ်စဉ်ချီးမြှင့်လျှက် ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

“ရိုးရိုးနဲ့အောင်ရင် နှစ်သောင်း၊ ဂုဏ်ထူးနဲ့အောင်ရင် သုံးသောင်းလေးထောင် ချီးမြှင့်ပါတယ်” ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းဦးက ပြောသည်။

ဓမ္မာစရိယ စာမေးပွဲ၌ ရိုးရိုးအောင်သော သံဃာတော်တစ်ပါးလျှင် ဆုငွေနှစ်သောင်းကျပ်၊ ဓမ္မာစရိယတန်း၌ ဂုဏ်ထူးဖြင့် အောင်မြင်သော သံဃာတော်တစ်ပါးလျှင် ဆုငွေ သုံးသောင်းလေးထောင်ကျပ်ကို ၂၀၁၄-၂၀၁၅ခုနှစ်မှ စတင်၍ တိုးမြှင့်ချီးမြှင့်ခဲ့ပြီး ၂၀၁၄-၂၀၁၅ မတိုင်ခင်က ဓမ္မာစရိယ အောင်မြင်သော ဆရာတော် သံဃာတော်တစ်ပါးလျှင် ကျပ်ငွေ ခုနစ်ထောင့်နှစ်ရာကျပ်သာ ချီးမြှင့်နိုင်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ  သိရသည်။

“ဆရာတော်တွေ ဘွဲ့လာယူတဲ့အခါ ခရီးအကွာအဝေးအလိုက် ကုန်ကျစရိတ်များကို နိုင်ငံတော်က အကုန်တာဝန်ယူပါတယ်။ ဆရာတော်တစ်ပါးချင်းအလိုက် ချီးမြှင့်ငွေ နည်းသော်လည်း ပြီးခဲ့တဲ့နှစ်မှာ ဓမ္မာစရိယ စာအောင်သံဃာတော် တစ်သောင်းလေးထောင်လောက် ရှိတယ်။ အဲ့ပမာဏနဲ့ အခုချီးမြှင့်ငွေ မြှောက်လိုက်ရင် မနည်းပါဘူး” ဟု ဦးစိုးမင်းဦးက ရှင်းပြသည်။

နိုင်ငံတော်အစိုးရ အနေနှင့် ဓမ္မာစရိယ အောင်မြင်သော ဆရာတော် သံဃာတော်များကို ထိုက်တန်စွာ ဆုချီးမြှင့်ရန် လိုအပ်ပြီး လက်ရှိချီးမြှင့်နေသော ငွေကြေးများသည် ခေတ်ကာလနှင့် ကိုက်ညီခြင်း မရှိကြောင်း ဆရာတော် ဒေါက်တာသောပါကက မိန့်ကြားသည်။

“ဆရာတော်တို့ ယခင်က ဓမ္မာစရိယတန်းအောင်ရင် ထောင်ဂဏန်းသာ ရရှိကြတယ်။ ဆုချီးမြှင့်ငွေက ဘာမှအသုံးပြုလို့ မရဘူး။ နိုင်ငံတော်အနေနဲ့ ပြန်လည်သုံးသပ်ဖို့ လိုတယ်” ဟု ဒေါက်တာသောပါက က ဆက်လက်မိန့်ကြားသည်။

လာမည့်ဘဏ္ဍာနှစ်များ၌ နိုင်ငံတော်မှ ရရှိသည့် ဘတ်ဂျက်ပေါ် မှုတည်၍ စာအောင်သံဃာတော်များကို ထိုက်တန်စွာ ဆုချီးမြှင့်ရန် ဆောင်ရွက်သွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ  သိရသည်။ 

J-07