News

POST TYPE

LOCAL

စစ်တွေတွင် လုံခြုံရေးတိုးမြှင့်၊ ပဋိပက္ခအတွင်း တစ်ဦးသေဆုံးမှု ကျူးလွန်သူများကို ဖမ်းဆီး
06-Jul-2017
ရန်ကုန်၊ ဇူလိုင် ၅

ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီး မြောက်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ ဒုက္ခသည်တစ်ဦး သေဆုံးမှုတွင် တရားခံများကို စစ်ဆေးလျက်ရှိပြီး ပဋိပက္ခ ပြန့်ပွားကူးစက်ခြင်း မရှိစေရန် လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

“စစ်တွေမြို့တွင်းနေရာအားလုံးကို လုံခြုံရေး ကင်းလှည့်တာတွေ ပိုပြီး ဆောင်ရွက်ထားတယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

အလားတူ ဘူးသီးတောင်၊ မောင်တောဒေသများရှိ ရခိုင်တိုင်းရင်းသားများ နေထိုင်သော ဒေသများနှင့် ဘင်္ဂါလီများ နေထိုင်သော ဒုက္ခသည်စခန်းများတွင် ပဋိပက္ခ မဖြစ်ပေါ်စေရန် လုံခြုံရေး တိုးမြှင့်ထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

“ဘူးသီးတောင်၊ မောင်တောနဲ့ အခြားသော မြို့များကို မူလရှိတဲ့ လုံခြုံရေးထက် တိုးမြှင့်ထားတယ်”ဟု ဦးတင်မောင်ဆွေက ဆက်လက် ပြောဆိုသည်။

စစ်တွေမြို့၌ လုံခြုံရေးကို ပြည်နယ် အစိုးရက တိုးမြှင့်ချထားသည့် ဆိုထားသော်လည်း ရဲတပ်ဖွဲ့ဝင်များကို စစ်တွေမြို့ လမ်းမများပေါ်၌ မြင်တွေ့ရခြင်းမရှိကြောင်း စစ်တွေမြို့ခံများထံမှ သိရသည်။

“စစ်တွေမြို့ပေါ်မှာက ဘင်္ဂလီဒုက္ခသည် စခန်းတွေ မရှိဘူး။ သူတို့က မြို့ပြင်မှာ ဖြစ်တယ်။ မြို့ပေါ်မှာတော့ လုံခြုံရေးအရ ဆောင်ရွက်နေတဲ့ ရဲတွေ မတွေ့ရပါဘူး။ အားလုံးက အေးချမ်းစွာ ရှိနေကြပါတယ်”ဟု စစ်တွေမြိုခံ ဦးထွန်းအောင်ကျော်က ပြောကြားသည်။

စစ်တွေမြို့ ဒါးပိုင် ကယ်ဆယ်ရေးစခန်းမှ ဒုက္ခသည်များသည် ဇူလိုင်လ ၄  ရက်နေ့၌ စစ်တွေတရားသို့ သက်သေခံရန် လာရောက်သော မော်တော်ယာဉ်နှင့်အတူ စစ်တွေမြို့ပေါ်သို့ သက်ဆိုင်ခြင်းမရှိဘဲ လိုက်ပါလာခဲ့ကြောင်း၊ ထို့နောက် အဆိုပါအဖွဲ့သည် အမှတ် (၂) ရဲစခန်းသို့ သွားရောက်ပြီး လုံခြုံရေး ဆောင်ရွက်ပေးရန် အကူအညီ တောင်းခံခဲ့ရာ ရဲတပ်သားတစ်ဦး လိုက်ပါ၍ ရွာကြီး မြောက်ရပ်ကွက် မီးခြစ်စက်လမ်း ရောင်နီဦး ဆိပ်ကမ်းသို့ မော်တော်ဟောင်းတစ်စီး ဝယ်ယူရန် ဆိပ်ကမ်းတစ်ဝိုက် ကြည့်ရှုနေစဉ် ဒေသခံအချို့မှ ခဲများဖြင့် ဝိုင်းပေါက်ကြရာ မောင်နု (ခ) မော်နီရာမောက် (၅၅) နှစ်သည် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျန် ၆ ဦးတွင် ၂ ဦးကို အတွင်းလူနာအဖြစ် ဆေးကုသလျှက်ရှိပြီး ကျန် ၄ ဦးကို ဒါးပိုင် ကယ်ဆယ်ရေး စခန်းသို့ လုံခြုံရေးတပ်ဖွဲ့က  ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင် နိုင်ငံတော်အတိုင်ပင်ခံရုံးက  ဇူလိုင်လ ၅ ရက်နေ့၌ သတင်း ထုတ်ပြန်ခဲ့သည်။

J-07


  • VIA