News

POST TYPE

LOCAL

မြန်မာနိုင်ငံတွင် အကြမ်းဖက် ဖောက်ခွဲရန် ကြံစည်မှုဖြင့် မွတ်ဆလင် ရှစ်ဦးကို ရုံးထုတ်
06-Jul-2017
ရန်ကုန်၊ ဇူလိုင် ၅

ထိုင်းနိုင်ငံ မဲဆောက်မြို့၌  တရားမဝင် ဖွဲ့စည်းခဲ့သည့် အယ်လ်ယံကီး(ခံယူချက်)အဖွဲ့သို့ဝင်ရောက်၍ မြန်မာနိုင်ငံတွင်  အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန်ကြံစည်မှုဖြင့် စွပ်စွဲခံရသူ မွတ်ဆလင် အမျိုးသား ရှစ်ဦးကို ဇူလိုင်လ ၄ ရက် မွန်းလွဲ ပိုင်းက တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အကြမ်းဖက်ဖောက်ခွဲရန် ကြံစည်မှု၊ မတရားအသင်း ဥပဒေများဖြင့် တရားစွဲခံရသူ မွတ်ဆလင် အမျိုးသား ရှစ်ဦးမှာ မောင်မောင်လွင်(ခ) ကျော်မင်းလွင်၊ မိုးနိုင်(ခ) ဇာနည်ရှား၊ လှမြင့် (ခ) ဂိုလာမင်၊ ကျော်လွင် (ခ) ကိုကိုကြီး၊ လှိုင်ဝင်း (ခ) မော်လဝီဆိုင်ဖူလာ၊ မင်းမင်း (ခ) ဆွာလေး၊ ဝင်းနိုင်ဦး (ခ) အီဆာနှင့် မောင်မောင် (ခ) ယူနွတ်တို့ဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

အဆိုပါရှစ်ဦးကို တာမွေမြို့နယ် တရားရုံးတွင် ရာဇဝတ်ကြီးမှုအမှတ် ၆၃၇/ ၂၀၁၄ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ည)၊ ရာဇဝတ်ကြီးမှု အမှတ် ၂၁၅/ ၂၀၁၅ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)တို့ဖြင့် တရားစွဲဆိုထားပြီး ယင်းနေ့ ရုံးချိန်းက တရားစွဲဆိုခံရသူ လှမြင့်နှင့် တရားလိုပြ သက်သေ စိုးလွင်တို့ကို စစ်ဆေးခဲ့သည်။

“ဒီအမှုက ၂၀၁၄ ခုနှစ်ထဲက တာမွေမြို့နယ်ထဲက နေအိမ်တစ်လုံးမှာ ဖောက်ခွဲရေးပြုလုပ်ရာမှာ အသုံးပြုတဲ့ ပိုတီဆီယမ် နိုက်ထရိတ် အမှုန့်တွေ သိုလှောင်ထားတဲ့အမှုပါ။ ဖမ်းမိသူရှစ်ဦးကို ၅ (ည)နဲ့ တရား စွဲခံရတယ်ဆိုတာက အဲဒီအချိန်တုန်းက ဒီပုဒ်မက အသက်ဝင်နေတယ်လေ။ အခု နောက်ပိုင်းမှ ဒီပုဒ်မကို ပယ်ဖျက်ခဲ့တယ် ဆိုပေမယ့် ယခင် တရားစွဲဆိုခံရသူတွေကို ဒီပုဒ်မနဲ့ ဆက်လက် စစ်ဆေးခွင့် မရှိတော့ဘူးဆိုတာ မပါဘူး။ ဒါကြောင့် တရားရုံးက သူတို့ကို ၅ (ည)ပုဒ်မနဲ့ ဆက်စစ်ဆေးနေတာပါ”ဟု ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ တရားစွဲဆိုခံရသူ ရှစ်ဦးကို တရားလိုပြု တရားစွဲဆိုခဲ့သူများမှာ အမှတ်(၁) စစ်ဘက်ရေးရာ အကူတပ်မှ ဗိုလ်မှူး ကျော်ဇောအောင်နှင့် မြို့နယ် လူဝင်မှုကြီးကြီးရေး ဦးစီးမှူး ဦးမောင်ဖြူတို့ဖြစ်ပြီး ယင်းအမှုကို တာမွေမြို့နယ် တရားသူကြီးက စစ်ဆေးလျက်ရှိကာ လာမည့် ဇူလိုင် ၁၁ ရက်နေ့ ရုံးချိန်းတွင် အမှုအား ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA