News

POST TYPE

LOCAL

ပေါက်မြို့နယ်ရှိ သိမ်းဆည်းမြေတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်မှုကို လွှတ်တော်တွင် ဆွေးနွေးမည်
05-Jul-2017
ရန်ကုန်၊ ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ရှိ က.ပ.စ (၂၄) က သိမ်းဆည်းထားသော လယ်မြေတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုနှင့်ပတ်သက်၍ တိုင်းလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းက ပြောကြားသည်။

“အခု ပေါက်မြို့နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် စစ်တပ်က ၁၄၄ ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး တိုင်ပင်နေတယ်။ အခု လွှတ်တော်က မမီတော့လို့ နောက် လွှတ်တော်ကျရင် ဒီကိစ္စကို တင်ပြဆွေးနွေးမယ်”ဟု ၎င်းကဆိုသည်။

စီမံကိန်း မြေဧရိယာအတွင်း ဇွန်လ ၃၀ ရက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဧရိယာတွင် ဖြတ်သန်းသွားလာခွင့်မပြု၊ စည်းကမ်းချက် မလိုက်နာပါက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်း ခံရမည်ဟူသော ဆိုင်းဘုတ်များ စိုက်ထူထားခြင်းနှင့်ပတ်သက်၍ အထက်ပါအတိုင်း ၎င်းက ပြောကြားခြင်းဖြစ်သည်။

လွှတ်တော်တွင် ပထမဦးစားပေးအနေနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို ညှိနှိုင်းမည်ဖြစ်ပြီး ဒုတိယဦးစားပေးအဖြစ် မြေယာလျော်ကြေးနှင့်ပတ်သက်၍ ပြန်လည် စိစစ်ပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၂၄)၊ ကာကွယ်ရေးပစ္စည်း စက်ရုံမှူးနှင့် သွားရောက် ညှိနှိုင်းမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“စက်ရုံမှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တစ်ကြိမ် တွေ့ထားတယ်။ တကယ် မပစ်ပါဘူးလို့တော့ ပြောတယ်။ နောက်တစ်ခေါက် သွားတွေ့ပါမယ်။ လက်ရှိ လိုအပ်တာကို ကြိုးစား ဆောင်ရွက်ပေးမယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ စက်ရုံနယ်မြေအတွင်းရှိ စီမံကိန်း မြေနေရာနှင့်ပတ်သက်၍ ဒေသခံများ သိရှိစေရန် ဇူလိုင်လ ၃ ရက်က ကျေးရွာအုပ်ရေးမှူးများနှင့် တွေ့ဆုံ အသိပေးပြီးဖြစ်ကြောင်း ပေါက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မြေနေရာအကုန် ထုတ်ထားတာ မဟုတ်ဘူး။ စက်ရုံ အသုံးပြုတဲ့နေရာပဲ။ သီးနှံစိုက်ပျိုးတဲ့ နေရာမပါသေးဘူး။ ရွာတွေနဲ့လည်း လွတ်အောင် လုပ်ထားတယ်”ဟု ၎င်းက ဆိုသည်။

ပေါက်မြို့နယ်၊ လေးပင်အိုင့်၊ ပလောင်း၊ မျှားပိုင်း၊ လင်တောင်၊ ဆပန်၊ ကျောင်းကူး၊ ရေဖြူကျေးရွာ အုပ်စုများရှိ ကွင်းပေါင်း ၂၅ ကွင်း၊ လူဦးရေ ၁၄၂၈ ဦးပိုင်မြေ လယ်မြေ ၃၄၀၄ ဒသမ ၉၀ ဧက ကို ၂၀ဝ၉ ခုနှစ်က က.ပ.စ (၂၄) က သိမ်းယူခဲ့ပြီး တစ်ဧကလျှင် ကျပ် ၅၀ဝ၀ ပေးလျော်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“လျော်ကြေးက လုပ်ကိုင်စားလို့ မရဘူး။ ဒါကြောင့် စီမံကိန်း ပိုတဲ့နေရာမှာ သီးနှံစိုက်ပျိုးခွင့် တောင်းပြီး စိုက်ခဲ့တယ်။ အခု သီးပွင့်နေပြီ။ ဒီမြေမှာ ၁၄၄ ထုတ်ထားတော့ တောင်သူတွေ မသွားရဲကြဘူး”ဟု လေးပင်အိုင့်ကျေးရွာ လယ်သိမ်းခံ ဦးကြည်ဝင်းက ဆိုသည်။

အဆိုပါ မြေယာလျော်ကြေးနှင့် ပတ်သက်၍ ပြန်လည် စိစစ်ပေးရန် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လယ်ယာမြေနှင့် အခြား မြေသိမ်းမှု စုံစမ်းရေး ကော်မရှင်ထံ တင်ပြတောင်းဆိုခဲ့ပြီး မကွေးတိုင်း ဝန်ကြီးချုပ်ထံ အပါအဝင် နိုင်ငံတော် သမ္မတရုံးထံ အသနားခံစာ တင်ပြထားကြောင်း ၎င်းက ပြောကြားသည်။

J-06


  • VIA