News

POST TYPE

LOCAL

ရန်ကုန်မြို့အတွင်း တောင်းရမ်းသည့် ကလေးငယ်တစ်ဦးလျှင် ကျပ်တစ်သောင်းနှင့် သုံးသောင်းကြားရဟုဆို
04-Jul-2017
ရန်ကုန်၊ ဇူလိုင် ၄

ရန်ကုန်မြို့တော်အတွင်း တောင်းရမ်း စားသောက်နေသည့် ကလေးသူငယ်များသည် တစ်ဦးလျှင် နေ့စဉ် ကျပ်တစ်သောင်းနှင့် သုံးသောင်းကြား ပုံမှန် ရရှိနေခြင်းကြောင့် နောက်ကွယ်ရှိ စေခိုင်းသူများကို ဖော်ထုတ် အရေးယူရန် စီစဉ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

တောင်းရမ်းခိုင်းသော ကလေးငယ်များ၏ အသက်အရွယ်ပိုင်းမှာ ၆ နှစ်နှင့် ၁၂ နှစ်ကြားရှိ အရွယ်များကို အများဆုံး ခိုင်းစေပြီး လူစည်ကားသော ရန်ကုန်မြို့တွင်းပိုင်းရှိ ညဈေးတန်း၊ လသာမြို့နယ်၊ ၁၉ လမ်း (တရုတ်တန်း)နှင့် အောင်မင်္ဂလာ အဝေးပြေး၊ ဒဂုံဧရာ အဝေးပြေး စသော နေရာများမှာ အဓိက တောင်းခံနေခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“လူမှုဝန်ထမ်းဌာနတွေက အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေ လမ်းပေါ် လေလွင့်နေရင် ခေါ်ယူထိန်းသိမ်း စောင့်ရှောက်တယ်။ တချို့ ကျောင်းထားပေးပေမယ့် မသင်ချင်ကြဘူး။ မိဘရှိတော့ မိဘက ပြန်လာခေါ်တယ်။ ကလေးတွေ လမ်းပေါ် ရောက်ပြီးတော့ တောင်းရမ်းခိုင်းနေတာ မိဘတွေကိုယ်တိုင် အဓိက ခိုင်းစေနေတာပါ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ၁၉၉၃ ခုနှစ် ကလေး သူငယ် အခွင့်အရေး ဥပဒေ ပြင်ဆင်ရေးဆွဲထားကာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ပြီးပါက ထိုသို့စေခိုင်းသူများကို ဥပဒေပါအတိုင်း ပြစ်ဒဏ် တိုးမြှင့်၍ အရေးယူမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် အရွယ် မရောက်ဘဲ တောင်းရမ်း စားသောက်နေသည့် ကလေးငယ်ပေါင်း တစ်ထောင်ခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၏ စစ်တမ်း ကောက်ယူထားသည့် အချက်အလက်များအရ တောင်းရမ်းသူ ကလေးငယ် ၅၀ဝ ကျော် စာရင်း ရရှိနေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

“အောင်မင်္ဂလာ အဝေးပြေးမှာ တောင်းနေတဲ့ ကလေးတွေဆို နေ့တိုင်း မရဘူးဆို အောက်ထစ်တစ်သောင်းကျော် ရှိတယ်။ အသက်ကြီးတဲ့ ဘိုးဘွားတွေက ပိုရကြတယ်။ တချို့လည်း လူမှုဝန်ထမ်းက ခေါ်ယူစောင့်ရှောက်ပေမယ့် မနေနိုင်ဘူး။ အချိန်တန်ရင် ပြန်တောင်းကြတာပဲ”ဟု အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ထမင်းဆိုင်ရောင်းသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

လူမှုဝန်ထမ်းဌာနက ကျင့်သုံးလျက်ရှိသော ကလေးသူငယ် အခွင့်အရေး ဥပဒေအခန်း ၁၇၊ ပုဒ်မ ၆၅ တွင် တောင်းရမ်းစားသောက်ရန် ကလေးများ၏ နောက်ကွယ်မှစေခိုင်းသူကို တွေ့ရှိလျှင် ဒဏ်ငွေ တစ်သောင်းကျပ်နှင့် ထောင်ဒဏ် ခြောက်လသာ အရေးယူမည်ဟု ဖော်ပြပါရှိသော်လည်း ကလေးငယ်များကို တောင်းရမ်းစေခိုင်းသည့် လူများမှာ ဥပဒေအပေါ် ထိတ်လန့်မှု နည်းပါးနေခြင်းကြောင့် လက်ရှိ ဥပဒေကြမ်းတွင် ယင်းပုဒ်မ၏ပြစ်မှုနှင့် ပြစ်ဒဏ်များကို တိုးမြှင့်ရခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအနေနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ၏ရည်ရွယ်ချက်မှာ ကလေးသူငယ်များ အသက်ရှင်ခွင့်၊ တိုးတက် ဖွံ့ဖြိုးခွင့်၊ အစောင့်အရှောက်ခံ ပိုင်ခွင့်နှင့် ပါဝင်ခွင့်စသော အခွင့်အရေး လေးရပ်အပေါ် မူတည်ကာ ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဥပဒေအရ အသက် ၁၆ နှစ်အောက် လူငယ်များသည် ယင်းဥပဒေအတိုင်း စောင့်ရှောက် ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။

J-17


  • VIA