News

POST TYPE

LOCAL

ဗုဒ္ဓစာပေများ စိစစ်ပြီးမှသာ ခွင့်ပြုရန် မဟန ဆုံးဖြတ်
04-Jul-2017
ရန်ကုန်၊ ဇူလိုင် ၄

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ကျင်းပပြုလုပ်ခဲ့သည့် သတ္တမအကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) ၄၇ ပါးစုံညီ စုဒ္ဒသမ အစည်းအဝေး၌ ဗုဒ္ဓစာပေများ ထုတ်ဝေရေးသားခြင်းများကို တင်/ထုတ် (စိစစ်ပြီးမှ ထုတ်ခွင့်ပြု) စနစ်ဖြင့်သာ ပြန်လည် ခွင့်ပြုသွားမည်ဖြစ်ကြောင်း မဟန ဆရာတော်ကြီးများက ဆုံးဖြတ်ခဲ့ကြသည်။

ထိုကဲ့သို့ ဗုဒ္ဓစာပေများကို တင်/ ထုတ်စနစ်ဖြင့် ဆောင်ရွက်ရာ၌ ဗုဒ္ဓစာပေ၊ ဗုဒ္ဓစာပေနှင့် ဆက်စပ်သည့် ဂျာနယ်၊ မဂ္ဂဇင်းများ ပါဝင်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

“ဘာသာတစ်ခုနဲ့တစ်ခု ထိပါးရေးသားမှုမျိုး မဖြစ်ဖို့အတွက် တင်/ထုတ် စနစ်ကို ပြန်လည် ဆောင်ရွက်သွားမှာဖြစ်တယ်။ ဆရာတော်ကြီးတွေကလည်း ဆုံးဖြတ်ခဲ့ကြပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သာသနာရေးနှင့်ဝိနိစ္ဆယဌာနခွဲ  ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ပြောသည်။

ထိုကဲ့သို့ တင်/ထုတ်စနစ် ပြန်လည် ကျင့်သုံးရာတွင် ဗုဒ္ဓစာပေနှင့် ဆက်စပ်သည့်စာပေ ထုတ်ဝေခြင်းများသာ ပါဝင်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့် စာပေများသည် တင်/ထုတ် စနစ်၌ ပါဝင်ခြင်း မရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

ထိုကဲ့သို့ ဗုဒ္ဓစာပေများ အပါအဝင်  ဗုဒ္ဓစာပေများ ရေးသားလျက်ရှိသော မဂ္ဂဇင်း၊ ဂျာနယ်များကို တင်/ထုတ် စနစ်ဖြင့် ပြန်လည် ဆောင်ရွက်လျှင် သက်ဆိုင်ရာဌာနများ၌ လာဘ်စားမှုများ ပေါ်ပေါက်လာနိုင်ပြီး ဒီမိုကရေစီကို နောက်ပြန်ဆွဲသော လုပ်ရပ်ဖြစ်နိုင်ကြောင်း အောင်ဇေယျတု သတင်းဂျာနယ် အယ်ဒီတာချုပ် မောင်သွေးချွန်ကဆိုသည်။

“သာကီသွေးတို့ အောင်ဇေယျတု ဂျာနယ်တွေက ဘာသာရေးစာပေ မဟုတ်ဘူး။ အမျိုးသားရေး စာပေတွေ ဖြစ်တယ်။ ဒါတွေပါလာခဲ့ရင် ရင်ဆိုင်ဖြေရှင်းသွားမှာပါ”ဟု ၎င်းကပြောသည်။

J-07


  • VIA