News

POST TYPE

LOCAL

ရွှေတိဂုံစေတီတော်မြတ်ကြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် လုပ်ဆောင်မည်
04-Jul-2017

ရန်ကုန်၊ ဇူလိုင် ၄

ရွှေတိဂုံ စေတီတော်မြတ်ကြီး ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ၂၀၁၉ ခုနှစ်အတွင်း၌ ယူနက်စကိုသို့ အမည်စာရင်း တင်သွင်းသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

လက်ရှိအချိန်၌ ရွှေတိဂုံစေတီတော်မြတ်ကြီး ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ယူနက်စကိုထံ ယာယီ အမည်စာရင်း တင်သွင်းထားပြီး ဖြစ်သည်။

အလားတူ ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းနယ်မြေများကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ၂၀၁၈ ခုနှစ် စက်တင်ဘာလ အတွင်း၌ ယူနက်စကိုသို့ တင်သွင်းသွားရန် စီစဉ်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

“ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ၂၀၁၉ မှာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်ဖို့ရှိပါတယ်။ ယူနက်စကိုကို ယာယီ အမည်စာရင်း ပေးထားပါတယ်။ ၂၀၁၈ မှာ မြောက်ဦးကိုတင်မှာ ဖြစ်ပါတယ်။ ၂၀၁၉ စက်တင်ဘာနဲ့ အောက်တိုဘာလမှာ ရွှေတိဂုံကိုတင်မှာ ဖြစ်တယ်။ အဲဒီအတွက် နှစ်နေရာလုံးကို ယူနက်စကိုထံ ယာယီ စာရင်းပေးထားပါတယ်”ဟု သူရ ဦးအောင်ကိုက ပြောသည်။

ထိုကဲ့သို့ ရွှေတိဂုံစေတီတော် ကမ္ဘာ့ အမည်စာရင်း ဝင်ရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး၊ ရွှေတိဂုံဂေါပကအဖွဲ့၊ ဗိသုကာ အသင်းစသည့် အဖွဲ့များဖြင့် ဦးစီးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဦးစီးကော်မတီအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သူရဦးအောင်ကိုက ဆောင်ရွက်သွားမည်ဖြစ်သည်။

ရွှေတိဂုံစေတီတော်ကြီး ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်ဝင်ရန် မြန်မာ၊ ထိုင်း၊ ဂျပန်၊ ပြင်သစ်နိုင်ငံများရှိ ဗိသုကာ ပညာရှင်များ၏ တိုင်းတာမှုများကို ပြင်သစ်နိုင်ငံသို့ပေးပို့၍ စစ်ဆေးလျက်ရှိကြောင်း သူရဦးအောင်ကိုက ဆိုသည်။

“ရွှေတိဂုံစေတီတော်မြတ်ကြီး နောင်နှစ်ပေါင်း များစွာ တည်တံ့ခိုင်မြဲဖို့အတွက် တိုင်းတာစစ်ဆေးမှုများကို ပြင်သစ်နိုင်ငံကို ပေးပို့ထားတယ်။ လိုအပ်တဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်ဖို့လုပ်မယ်”ဟု သူရဦးအောင်ကိုက ဆက်လက် ပြောဆိုသည်။

J-07


  • VIA