News

POST TYPE

LOCAL

ရွှေတိဂုံစေတီတော် အလှူငွေ ကျပ်ဘီလီယံ ၆၀ ကျော်နှင့် ဒေါ်လာသန်းဂဏန်း ဘဏ်၌ အပ်ထားဟု သူရဦးအောင်ကို ပြောကြား
04-Jul-2017
ရန်ကုန်၊ ဇူလိုင် ၃

ရွှေတိဂုံစေတီတော်၏ အလှူငွေ ကျပ်ဘီလီယံ ၆၀ ကျော်ခန့်နှင့် ဒေါ်လာသန်းပေါင်းများစွာကို မြန်မာ့စီးပွားရေးဘဏ်၌ အပ်နှံထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုသည်။

သတ္တမအကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ စုဒ္ဒသမ အစည်းအဝေး နောက်ဆုံးနေ့၌  အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အလှူငွေအရပ်ရပ်က အခုဆိုရင် ကျပ်ငွေ ဘီလီယံ ၆၀ ကျော် ရှိပါတယ်။ ဒေါ်လာလည်း သန်းပေါင်းများစွာရှိပါတယ်။ ဒီငွေတွေ အားလုံးကိုလည်းပဲ မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံထားတယ်” ဟု သူရဦးအောင်ကိုက ပြောသည်။

ထိုကဲ့သို့ ရွှေတိဂုံစေတီတော်၏ အလှူငွေများသည် မြန်မာ့စီးပွားရေးဘဏ်၌ အပ်နှံရာတွင် အဆိုပါဘဏ်မှ အပ်နှံခ ပြန်လည်ပေးချေရာတွင် အခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ထပ်မံရရှိသော အလှူငွေများကို ငွေတိုက်စာချုပ် ဝယ်ယူထားကြောင်း သူရဦးအောင်ကိုက ဆိုသည်။
“ဘဏ်က အတိုးပေးဖို့ ခက်လာတော့ ငွေတိုက်စာချုပ် ဝယ်တယ်။ ၁၂ နှစ်ကျော်မှ ငွေရမှာဖြစ်တယ်။ အတိုးရော အရင်းကော ရရှိမှာ ဖြစ်တယ်” ဟု သူရဦးအောင်ကိုက ဆက်လက်ပြောဆိုသည်။

ထိုကဲ့သို့ အလှူငွေများကို ရွှေတိဂုံစေတီတော်မြတ် အတွက်သာ သုံးစွဲခွင့်ရှိပြီး အခြားသော စေတီတော်များ၊ လမ်းဖောက်၊ တံတားဆောက် လုပ်ငန်းများအတွက် သုံးစွဲခွင့် မရှိကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

J-07