News

POST TYPE

LOCAL

လှည်းကူး ကျူးကျော် ၄၀၀ ရဲမွန် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံ
04-Jul-2017
ရန်ကုန်၊ ဇူလိုင် ၃

ရဲမွန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ယာယီဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေထိုင်သည့် လှည်းကူးမြို့နယ်မှ ကျူးကျော်နေအိမ် ဖယ်ရှားခံရသူ ၄၀၀ ကျော်ရှိကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသည့် တာဝန်ခံတစ်ဦးဖြစ်သူ ဦးပညာဝံသက မိန့်ကြားသည်။

“လက်ရှိမှာ စားစရာအတွက် လာလှူတဲ့သူတွေ ရှိတယ်။ နေစရာ အခက်အခဲရှိတဲ့အတွက် လေးရာလောက်ကိုပဲ လက်ခံနိုင်တာပါ။ နေရာမရှိလို့ ပြန်သွားတဲ့ ဒုက္ခသည် နှစ်ရာကျော်  သုံးရာလောက် ရှိသေးတယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

ရဲမွန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ယာယီဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းတွင် အိမ်ထောင်စုပေါင်း ၂၉၀ ကျော်မှ မိသားစုဝင်ဦးရေ လေးရာကျော် ရှိနေပြီး ၎င်းတို့သည် အောင်သုခကျေးရွာနှင့် နီးစပ်ရာရွာများရှိ  ကျူးကျော်နေအိမ် ဖယ်ရှားခံရသူများ ဖြစ်ကြောင်း၊ လက်ရှိတွင် ညအိပ်ရန် အိပ်ရာခင်းများနှင့် စားသောက်ရန် ဆန်ရှိသော်လည်း  နေ့စဉ်ဟင်းလျာ ဝယ်ယူရေးအတွက် အခက်အခဲရှိကြောင်း အဆိုပါ ဒုက္ခသည်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

“အမှန်တကယ် နေစရာ မရှိဘဲနဲ့ ပြောင်းရွှေ့ဖို့အတွက် ခက်ခဲလို့ ဒီစခန်းမှာ လာနေကြတာပါ။ တချို့တွေ အတွက်လည်း အလုပ်အကိုင် ရှာဖွေပေးရနဲ့၊ တကယ်ပြောင်းဖို့ နေရာမရှိလို့ နေထိုင်နေတဲ့သူတွေပါ” ဟု ဦပညာဝံသက ဆက်လက်မိန့်ဆိုသည်။

ကျူးကျော်နေအိမ် ဖယ်ရှားခံရသူများသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် ဇွန်လအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့  စာတင်ပြ၍ တောင်းဆိုခဲ့သည်မှာ နှစ်ကြိမ်တိုင်ရှိပြီ ဖြစ်သော်လည်း  လက်ရှိတွင် လက်ခံတွေ့ဆုံခွင့် မရသေးကြောင်းနှင့် တွေ့ဆုံခွင့်ကို ထပ်မံ စာတင်သွားမည် ဖြစ်ကြောင်း နေအိမ်ဖယ်ရှားခံရသည့် ဦးသိန်းအောင်ထံမှ သိရသည်။

လှည်းကူးမြို့နယ်ရှိ ကျူးကျော်နေအိမ်များကို ဇွန်လ ၁၂ ရက်က ရဲအင်အား ၂၀၀ ခန့်နှင့် အရပ်သား၊ အလုပ်သမား ၁၀၀၀ ခန့်က စတင်ဖျက်သိမ်းခဲ့ခြင်းကြောင့် အိမ်ထောင်စုပေါင်း ၁၀၀၀ ခန့် နေထိုင်ရန် အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း နေအိမ်ဖယ်ရှားခံရသည့် ကျူးကျော်များထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သူဦးရေ လေးသိန်းကျော်ခန့် ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပြီး လှည်းကူးမြို့နယ်တွင် နေအိမ်ဖယ်ရှားခံရသည့် ကျူးကျော်များမှာ တိုင်းအစိုးရအဖွဲ့က ကောက်ယူထားသည့် စာရင်းတွင် မပါဝင်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ကျူးကျော်နေအိမ် ဖယ်ရှားခံရ၍  ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် မိသားစုဝင်များအရေး ဆောင်ရွက်ပေးရန်နှင့် ပတ်သက်၍ လှည်းကူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

J-14