News

POST TYPE

LOCAL

ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းမှာ မလိမ့်တပတ် လုပ်ထားခြင်းဟု သူရဦးအောင်ကို ဆို
03-Jul-2017
ရန်ကုန်၊ ဇူလိုင် ၃

မဘသအဖွဲ့ကြီးမှ ပြောင်းလဲဖွဲ့စည်းထားသော ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ အပါအဝင် မျိုးချစ်အဖွဲ့များ ပေါ်ပေါက်လာခြင်းသည် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၏ ညွှန်ကြားလွှာများအပေါ် မလိမ့်တပတ် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

ဇူလိုင်လ ၃ ရက်နေ့၌ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ကျင်းပပြုလုပ်သည့် သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စုဒ္ဒသမ အစည်းအဝေးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

“မဘသကနေ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ဖြစ်ပါတယ်။ နောက်ပြီး မျိုးချစ်အဖွဲ့ဆိုတဲ့ အဖွဲ့ခွဲတွေ အများကြီး ပေါ်လာသေးတယ်။ ဒါတွေက နိုင်ငံတော် သံဃမဟာနာယကရဲ့ ညွှန်ကြားချက်၊ ညွှန်ကြားလွှာတွေ အပေါ်မှာ ဒါတွေက မလိမ့်တပတ် လုပ်တာဖြစ်တယ်”ဟု သူရဦးအောင်ကိုက ပြောသည်။

ထိုသို့ဆောင်ရွက်ချက်များအပေါ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ လိုအပ်သော အရေးယူ ဆောင်ရွက်မှုများကို လိုအပ်သောအချိန်၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ဆိုသည်။ 

“နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သည် မြန်မာနိုင်ငံ လူဦးရေ ၈၀ ရာခိုင်နှုန်းကျော် ကိုးကွယ်သော ဘာသာရေးအဖွဲ့၏ ဦးဆောင်သောအဖွဲ့ ဖြစ်တယ်။ ရဟန်းသံဃာပေါင်း ငါးသိန်းကျော် ကိုယ်စားပြုတဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့အဖွဲ့ကြီး ဖြစ်တယ်။ ဘယ်အဖွဲ့ကမှ သူနဲ့သွားပြီး ပခုံးချင်း ယှဉ်လို့မရပါဘူး။ ကျန်တဲ့အဖွဲ့တွေက တရားမဝင် အဖွဲ့အစည်းဖြစ်တယ်။ သန်း ၅၀ ကျော်ကို ကိုယ်စားပြုလို့ မြန်မာနိုင်ငံ တစ်ခုလုံးကို ကိုယ်စားပြုပါတယ်။ နောက်ပိုင်းမှာ သူတို့လှုပ်ရှားမှုကို မူတည်ပြီးတော့ လိုအပ်တဲ့ အမိန့်ညွှန်ကြားချက်တွေ ထွက်နေမယ်ဆိုတာ စောင့်ကြည့်ပါတော့”ဟု သူရ ဦးအောင်ကိုက ဆက်လက် ပြောသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သောပါကကို ဆက်သွယ် လျှောက်ထား မေးမြန်းရာတွင် “ဘာမှမသိရှိပါဘူး”ဟု ဒေါက်တာ သောပါကက မိန့်ကြားခဲ့သည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၃ ရက်၌ မဘသ အဖွဲ့နှင့် မဟနအဖွဲ့တို့သည် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ အစည်းအဝေး ကျင်းပရာ၌ မဟန ဆရာတော်ကြီးများက မဘသ ဆိုင်းဘုတ်များ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖြုတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ ဆုံးဖြတ်ချက်များအရ မဘသအဖွဲ့ဝင်များ အထူး သတိပေး ရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် မေလ ၂၇ မှ ၂၈ ရက်အထိ ကျင်းပခဲ့သည်။ ထို့နောက် မဘသအဖွဲ့ကို ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအမည်ဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

J-07


  • VIA