News

POST TYPE

LOCAL

လေးလောင်းပြိုင်လူသတ်မှု ပြန်လည်စစ်ဆေးပေးရန် ရဲချုပ်ထံ စာတင်မည်
03-Jul-2017
ရန်ကုန်၊ ဇူလိုင် ၃ 

အများပြည်သူ စိတ်ဝင်စားနေသည့် မင်္ဂလာဒုံမြို့နယ် လေးလောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်မှာ ကွဲလွဲမှုများ ရှိနေသောကြောင့်  ပြန်လည် စစ်ဆေးပေးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံ စာတင်တောင်းဆိုသွားမည်ဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောဆိုသည်။

မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်၊ ကျူးကျော်ကွက်သစ်၊ မြအေးချမ်းလမ်းတွင် လွန်ခဲ့သည့် ဆယ်လကျော်က ဖြစ်ပွားခဲ့သော ရဲအရာရှိဟောင်း ကိုစိုးနောင် အပါအဝင် မိသားစုဝင် လေးဦး အသတ်ခံရသည့် သတင်းနှင့်ပတ်သက်၍ အခင်းဖြစ်နေအိမ်တွင် ဇူလိုင်လ ၃ ရက်၊ မွန်းလွဲ ၁ နာရီက ကျန်ရှိသူ မိသားစုဝင်များက မီဒီယာများကို အမှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“အမှုကို ပြန်စစ်ဆေးပေးဖို့ ရဲချုပ်ဆီ စာတင်ဖို့ရှိတယ်၊ ဒီအမှုနဲ့ပတ်သက်ပြီး ဓာတ်ပုံထဲက မသင်္ကာသူ အမျိုးသား သုံးယောက်ကိုလည်း မမိသေးဘူး၊ အဲအတွက် ကိုယ့်မှာ အန္တရာယ် ရှိသေးတယ်၊ မလုပ်လည်း မလုပ်ချင်ဘူး။ သေတဲ့သူက သေကုန်ပြီ။ ဒီထုတ်ပြန်ချက်က သေသူတွေရဲ့ သိက္ခာ ထိခိုက်စေတယ်၊ အဲဒီအတွက် သိက္ခာ ဆယ်ပေးဖို့တော့ တောင်းဆိုချင်တယ်၊ ရဲတပ်ဖွဲ့ကို မကျေနပ်လို့ မဟုတ်ဘူး၊ တိုင်ပင်ပြီးတော့ ဆက်လုပ်မယ်”ဟု သေဆုံးသူ မချယ်ရီပွင့်၏ မိခင်ဖြစ်သူ ဒေါ်ရီရီနွဲ့က ဆိုသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ ဓာတ်ပုံတွင်ပါဝင်သည့် မသင်္ကာသူ သုံးဦးကို စုံစမ်းနေသည်ဟု ပါဝင်ခြင်း၊ တစ်ဆက်တည်းတွင် သေဆုံးသူ ရဲအရာရှိဟောင်း ကိုစိုးနောင်က စိတ်ဖောက်ပြန်ပြီး မိသားစုဝင်များကို သတ်၍ မိမိကိုယ်ကိုယ် သတ်သေခဲ့သည်ဟု မှုခင်းဆရာဝန်ကြီး၏ စစ်ဆေးချက်အရ သိရသည်ဟု ထုတ်ပြန်ထားခြင်း၊ အလောင်း စတင် တွေ့ရှိသည့်နေ့က နေအိမ်အတွင်းသို့ ဒေါ်ရီရီနွဲ့ အပါအဝင် ငါးဦး ဝင်ရောက်ခဲ့ခြင်းကြောင့် နေအိမ်ထဲ သေဆုံးနေသည့် ကိုစိုးနောင်တို့၏ မိသားစုဝင် လေးဦး၏ ခြေရာနှင့် ၎င်းတို့၏ ငါးဦး၏ ခြေရာများ ရှိရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

“အမှန်ဆို ခြေရာက ကိုးခုရှိရမှာ။ အခုရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ကျွန်မခြေရာ အပါအဝင် ငါးခုပဲရှိတယ်။ မှားယွင်းနေတဲ့ အချက်အလက်အချို့ရှိနေပါတယ်၊ ထုတ်ပြန် ချက်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး၊ သေချာခိုင်လုံတဲ့ အထောက်အထားတွေနဲ့ မိသားစုဝင်တွေဆီ ချပြမေးမြန်းပြီး အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ မှန်ကန်တဲ့သတင်း ဖော်ပြချက်ဆိုရင် လက်ခံပါတယ်၊ အခုဟာက လွဲမှားနေတဲ့ အချက်အလက်တွေ ရှိနေလို့ သေချာလေး ပြန်စစ်ဆေးပေးဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တောင်းဆိုတာပါ”ဟု သေဆုံးသူ ကိုစိုးနောင်၏ အစ်ကိုရင်းတော်စပ်သည့် ရွှေကြီးဖြူ ဆရာတော် ဦးဝိစာရက မိန့်ကြားသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ကိုစိုးနောင်မှာ ဘယ်သန်တစ်ဦးဖြစ်ပြီး၊ မချယ်ရီပွင့်မှာ အရက်၊ ဝိုင်သောက်တတ်သူတစ်ဦးဟု ထုတ်ပြန်ထားချက်မှာ မှားယွင်းနေကြောင်း၊ အခင်းဖြစ်ပြီး သုံးလခန့်ကြာ မြင့်ချိန်မှစ၍ ရဲတပ်ဖွဲ့ထံသို့ အမှုနှင့်ပတ်သက်၍ မေးမြန်းရန် အဆက်အသွယ် မရခဲ့ကြောင်း ကျန်ရစ်သူ မိသားစုဝင်များက တညီတညွတ်တည်း ပြောကြားသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က ရဲအရာရှိဟောင်း ကိုစိုးနောင် အပါအဝင် မိသားစုဝင် လေးဦး နေအိမ်အတွင်း ဓားဒဏ်ရာ အချက်ပေါင်း များစွာဖြင့် အသတ် ခံထားရသည့် အလောင်းကို တွေ့ခဲ့ပြီး နောက် ၁၀ ရက်အကြာတွင် သေဆုံးသူ မချယ်ရီပွင့်၏ လက်ကိုင်ဖုန်းဖြင့် ရိုက်ထားသည့် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ သုံးဦး၏ ဓာတ်ပုံကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က တွေ့ရှိပါက သတင်းပေးရန် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ထုတ်ပြန်ခဲ့ပြီး အဆိုပါ မသင်္ကာသူ သုံးဦးကို ယနေ့အချိန်ထိ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခဲ့သော်လည်း အမှုဖြစ်ပြီး ၁၀ လကျော်အကြာ ရဲတပ်ဖွဲ့မှ လေးလောင်းပြိုင် အမှုနှင့်ပတ်သက်ပြီး သတင်း ထုတ်ပြန်ခဲ့မှုအပေါ် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ခံရသည့် စာနှင့်ကာတွန်းပုံများ ပျံ့နှံ့ခဲ့သည်။

“ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်က မပြည့်စုံဘူး။ လွဲမှားနေတယ်။ ကိုစိုးနောင်က ညာသန်လို့ သူ့မိသားစုဝင်တွေက ပြောတယ်။ ရဲက ထုတ်ပြန်တော့ ဘယ်သန်ဖြစ်နေတယ်။ ကိုစိုးနောင်က ရဲအရာရှိဟောင်းပါ။ သူရဲထဲဝင်ကတည်းက ဘယ်သန်လား ညာသန်လား မှတ်တမ်း ရှိနေမှာ။ ဒါ့အပြင် သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း သေချာသိအောင် မေးမြန်းစုံစမ်းသင့်တယ်။ ပြီးတော့ ကိုစိုးနောင်က သူ့မိသားစုကို သတ်ပြီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်သတ်သလို သတင်း ထုတ်ပြန်ထားတယ်။ ပြီးတော့ သတင်း ထုတ်ပြန်ချက်ထဲမှာ မသင်္ကာသူ သုံးယောက်ကို ဆက်လက် စုံစမ်းနေတယ် ဆိုတာလည်း ပါလာတယ်။ သတင်းက ရှေ့နောက်မညီဘူး။ ကိုစိုးနောင်က လုပ်တယ် မှန်တယ်ဆိုပါတော့ ဘာလို့ ဟိုသုံးယောက်ကိစ္စက ထပ်ထည့်ရတာလဲ။ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်ကို အလျင် မစောဖို့လိုတယ်။ နိုင်ငံတကာက စောင့်ကြည့်နေချိန်မှာ ရဲတပ်ဖွဲ့အပေါ် အထင်အမြင်သေးမယ့် အရာမျိုး မထုတ်ပြန်သင့်ဘူး။ ဒီသတင်းတင် မဟုတ်ဘူး။ လေဆိပ်မှာ ရှေ့နေဦးကိုနီ လုပ်ကြံမှုနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေမှာလည်း ကွဲလွဲမှုတွေ ရှိနေတယ်။ ဒါကို ရဲတပ်ဖွဲ့အနေနဲ့ သေချာကိုင်တွယ် ဆောင်ရွက်သင့်တယ်”ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည့်နေအိမ်အား နေ့ချင်းပြီး ဆေးကြောသန့်ရှင်းခြင်းနှင့် သေသူများ၏ ရုပ်အလောင်းများကို သုံးရက်အတွင်း သြင်္ဂိုဟ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်နေမှုအပေါ် ဆက်သွယ်မေးမြန်းခွင့် မရရှိဘဲ အမှုဖြစ်ပြီး ၁၀ လကျော်အကြာမှ သတင်း ထုတ်ပြန်ချက်အပေါ် ကျန်ရစ်သူ မိသားစုဝင်များက လက်မခံနိုင်ကြောင်း ယင်းမိသားစုဝင်များထံမှ သိရသည်။

အဆိုပါ လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည့်နေ့မှာပင် ရဲတပ်ဖွဲ့က သေဆုံးသူ ကိုစိုးနောင်မှ ဇနီးနှင့် သားနှစ်ဦးအား သတ်ပြီး မိမိကိုယ်ကိုယ် ပြန်အဆုံး စီရင်ခဲ့ကြောင်း ကနဦး ယူဆခဲ့သော်လည်း ယင်းသတင်းနှင့်ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်မှု မရှိခဲ့ဘဲ ရဲချုပ် အပြောင်းအလဲ ဖြစ်ပြီးချိန်မှသာ သတင်းထုတ်ပြန်ခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။

“ဒီအမှုမှာ တိကျခိုင်လုံတဲ့ DNA စစ်ဆေးချက်အရ ရဲတပ်ဖွဲ့က အမှုဖြစ်စဉ်ကို ဖော်ပြသွားတာပါ။ အမှုနဲ့ပတ်သက်ပြီး မသင်္ကာသူ သုံးယောက်ကို တွေ့ရင်သတင်း ပေးဖို့ ထုတ်ပြန်ခဲ့တာလည်း ရဲလုပ်ငန်းစဉ် တစ်ခုအတိုင်း ဆောင်ရွက်သွားတာပါ။ အမှုမှန် ဖော်ထုတ်နိုင်ဖို့ မသင်္ကာသူရှိခဲ့ရင် စစ်ဆေးမေးမြန်းနိုင်အောင် စုံစမ်းရတာပဲလေ။ အခု ဒီလူတွေကို စုံစမ်းနေဆဲဆို တာလည်းအမှုနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်စပ်မှုရှိနေမလဲ သိရဖို့ဖြစ်မယ်။ ဒီ အမှုစုံစမ်းစစ်ဆေးချက်ကို အများသိအောင် ပွင့်လင်းမြင်သာစွာ မချပြ မရှင်းပြခဲ့လို့ အခုလို ဝေဖန်သံတွေ ထွက်လာတာလို့ ကျွန်တော်တော့ ယူဆတယ်။ ဒါပေမဲ့ အမှုတစ်ခုကို မခိုင်လုံဘဲ ဘယ်သူမှ မဖော်ပြရဲပါဘူး”ဟု  ယင်းအမှုနှင့်ပတ်သက်၍ အမည်မဖော်လိုသည့် ဒုရဲမှူးကြီး(ငြိမ်း)တစ်ဦးက ၎င်း၏ ထင်မြင်ယူဆချက်ကို ပြောကြားသည်။

S-03


  • VIA