News

POST TYPE

LOCAL

၂၃ ရာခိုင်နှုန်းသော လူပျိုလူလွတ်များ လိင်ဆက်ဆံဟု စစ်တမ်းထွက်
26-May-2017
ရန်ကုန်၊ မေ ၂၆

မြန်မာပြည်သူပြည်သားတို့၏ လိင်မှုကိစ္စ အလေ့အထများနှင့် စိတ်နေစိတ်ထားတို့ကို စစ်တမ်းကောက်ယူခဲ့ရာ ၂၃ ရာခိုင်နှုန်းသော လူပျိုလူလွတ်များ လိင်ဆက်ဆံခြင်း ရှိနေကြသည်ကို တွေ့ရကြောင်း DKT International ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာဟိုင်ရမ် ဘိုလန်ဒီက ပြောကြားသည်။

စစ်တမ်းကောက်ယူရာတွင် ဖြေဆိုခဲ့သည့် ၆၂ ရာခိုင်နှုန်းက ၎င်းတို့ ပတ်ဝန်းကျင်တွင် အိမ်ထောင်မပြုမီ လိင်ဆက်ဆံသူများ ရှိနေသည်ဟု ဖြေဆိုခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

“စစ်တမ်းကောက်တဲ့အခါ စကားလုံးတွေ သတိထားရတယ်။ မေးခွန်းတွေကို သေချာပြင်ဆင်ပြီး မေးတယ်။ လက်မထပ်ဘဲ လိင်ဆက်ဆံလားလို့မေးရင် သူရှက်နိုင်တဲ့အတွက် အဖြေအမှားတွေ ရနိုင်တယ်။ ဒါကြောင့် သွယ်ဝိုက်ပြီး လက်မထပ်ဘဲ လိင်ဆက်ဆံတဲ့သူတွေ ရှိတာသိလားလို့ မေးရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါစာတမ်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် နိုင်ငံတစ်ဝန်းက အသက် ၁၈ နှစ်မှ ၄၉ နှစ်ကြား လူဦးရေတစ်ထောင်ကို တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ လိင်ဆက်ဆံလျက်ရှိသော လူဦးရေ များပြားလျက်ရှိပြီး အထက်တန်းကျောင်းပညာရေး သင်ရိုးညွှန်းတမ်းတွင်  လိင်မှုဆိုင်ရာ ပညာပေးခြင်းကို ထည့်သွင်းသင်ကြားသင့်သည်ကို တွေ့ရှိရကြောင်း DKT International ထံမှ သိရသည်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် DKT International သည် နိုင်ငံပေါင်း ၂၉ နိုင်ငံတွင် မိသားစု စီမံကိန်းနှင့် မျိုးဆက်ပွားကျန်းမာရေး အတွက် ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ပေးနေသည့် အဖွဲ့အစည်း ဖြစ်ပြီး မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကစ၍ ၎င်းတို့၏  ထုတ်ကုန်ပစ္စည်းများ ဖြစ်သော Lydia နှင့် Kiss ကွန်ဒုံးတို့ကို ရောင်းချခဲ့သည်။