News

POST TYPE

LOCAL

ကားအရောင်းစင်တာ ၂၁ ခု အမည်ပျက်စာရင်းသွင်း
26-May-2017

ရန်ကုန်၊ မေ ၂၅

အခွန်ပေးဆောင်ခြင်း မရှိသည့် မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်း ၂၁ ခုကို ပြည်တွင်းအခွန်များ ဦးစီးဌာနက အမည်ပျက်စာရင်း သွင်းလိုက်ကြောင်း ယင်းဌာနထံမှ သိရသည်။

အခွန်ပေးသွင်းရန် သတ်မှတ်ထားသော နောက်ဆုံးရက်ထက် ကျော်လွန်ကာ ယခုအချိန်အထိ အခွန်လာရောက် ပေးဆောင်ခြင်း မရှိသည့်အတွက် မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်း ၂၁ ခုမှ ပိုင်ရှင်များကို အမည်ပျက်စာရင်း သွင်းကာ အခြားလုပ်ငန်း လုပ်ကိုင်ခွင့်၊ ပြည်ပ သွားလာခွင့်နှင့် ကုန်သွယ်ခွင့်များကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

“သူတို့နဲ့ပတ်သက်တဲ့ ဆက်စပ် ကုမ္ပဏီတွေ အကုန်လုံးကို ပိတ်ခိုင်းထားတယ်။ ဒါရိုက်တာအဖြစ်၊ မန်နေဂျင်း ဒါရိုက်တာအဖြစ်၊ နိုင်ငံခြားသွားလာခွင့်၊ နောက်တစ်ခါ MACCS စနစ်နဲ့ Export/ Import တွေ အကုန်လုံးကို ပိတ်ခိုင်းထားတယ်”ဟု ၎င်းက ရှင်းပြသည်။

မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်း ၂၁ ခုက အခွန်လာရောက် မပေးဆောင်ခြင်းကြောင့် ပိုင်ရှင်များကို မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်ခွင့်အပြင် အခြားလုပ်ငန်းများ လုပ်ခွင့်ကိုပါ ပိတ်ထားလိုက်ပြီး ယင်းသို့ အခွန်မဆောင်သည့်ကိစ္စဖြင့် မော်တော်ယာဉ်လုပ်ငန်းများကို အရေးယူခြင်းသည် ယခုအကြိမ်မှာ ပထမဆုံး အရေးယူခြင်းဖြစ်သည်။

သို့သော် အခွန် လာရောက်ပေးဆောင်ခြင်း မရှိသေးသည့် မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်း ၂၁ ခု နှင့်ပတ်သက်၍ မှတ်ချက် တစ်စုံတစ်ရာ မပေးလိုကြောင်း ဦးမင်းထွဋ်က ဆိုသည်။

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းချုပ်က အခွန် မဆောင်သည့် မော်တော်ယာဉ် လုပ်ငန်းရှင်များ မည်သည့် အခက်အခဲကြောင့် အခွန် မပေးဆောင်သည်ကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

“အခွန် မဆောင်တော့တဲ့သူ အများစုက ပိတ်သွားတာကြောင့်ပါ။ ပိတ်ရတာက လည်း အဓိကက Withholding Tax ၃.၅ (၃ ဒသမ ၅ ရာခိုင်နှုန်း)ကောက်တာ ပေါ့နော်။ အစကတော့ ကြပ်ကြပ်မတ်မတ် မလုပ်ဘဲ အခွန်ဆောင်ရခါနီးချိန်မှ ပေးခိုင်းတာတွေကြောင့်နဲ့ Deposit တင်ရတာ (ပမာဏ) များတာတွေ အစိုးရရဲ့ ပေါ်လစီ မငြိမ်တာတွေကြောင့်လည်း ပါပါတယ်”ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း ချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောဆိုသည်။

ထိုသို့ အခွန်မဆောင်သည့် မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်းများကို အရေးယူခြင်းကြောင့် မော်တော်ယာဉ်ဈေးကွက်ကို ထိခိုက်စေမည်မဟုတ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

မော်တော်ယာဉ် အရောင်းစင်တာများ အခွန်မဆောင်ဘဲ ပိတ်သိမ်းသွားရခြင်း၏ အဓိက အချက်သည် မော်တော်ယာဉ်မူဝါဒ မတည်ငြိမ်ခြင်း၊ အခွန်အခ ပေးဆောင်ရခြင်းများနှင့် ပတ်သက်၍ နားလည်သဘောပေါက်မှု အားနည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ပြောကြားသည်။

မော်တော်ယာဉ် အရောင်းစင်တာများ အခွန် ပုံမှန်ပေးဆောင်ခြင်း ရှိ၊ မရှိ မော်တော်ယာဉ် အရောင်းပြခန်း ၂၀ဝ ကျော်ကို ပြည်တွင်း အခွန်များ ဦးစီးဌာနက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းမှ စတင်၍ လိုက်လံ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အခွန် မပေးဆောင်သည့် ကုမ္ပဏီ ၁၅၆ ခုကို တွေ့ရှိခဲ့ရာ ယခုအချိန်အထိ ကုမ္ပဏီ ၁၃၅ ခုက အခွန် ပြန်လည် ပေးဆောင်ခဲ့ပြီးဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အခွန် ပေးဆောင်ခြင်း မရှိသည့် မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်းပိုင်ရှင် ၇၀ ၏ လိပ်စာနှင့် ကုမ္ပဏီနာမည်များကို ထည့်သွင်းဖော်ပြ၍ အခွန် ပေးဆောင်ရန် သတိပေးမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အခွန်ဆောင်သူ အနည်းငယ် များပြားလာခဲ့ကာ ယခုအထိ အခွန် လာမဆောင်သည့် ကုမ္ပဏီ ၂၁ ခု ကျန်ရှိနေခြင်း ဖြစ်သည်။

ထို့ပြင် အချိန် ကြာမြင့်သည့်တိုင် လာရောက် ပေးဆောင်ခြင်း မရှိသေးပါက ထပ်မံ၍ နိုင်ငံပိုင် သတင်းစာများတွင် ပိုင်ရှင် အမည်၊ နေရပ်လိပ်စာ၊ ကုမ္ပဏီအမည်၊ လိပ်စာနှင့်တကွ ထည့်သွင်း ဖော်ပြသွားမည်ဟု ဆိုသော်လည်း ထပ်မံကြေညာခြင်း မရှိခဲ့ဘဲ အခွန်မဆောင်သည့် အရောင်းစင်တာနှင့် ပိုင်ရှင်များကို ယခုအခါ ပထမဆုံးအကြိမ်အဖြစ် အရေးယူမှုများ ပြုလုပ်လိုက်ခြင်းဖြစ်သည်။

သို့သော် ကုမ္ပဏီ လုပ်ငန်းရှင်များဘက်မှ အခွန်ပေးဆောင်ရန် ပြင်ဆင်နေပြီဖြစ်ပြီး စာရွက်စာတမ်း အခက်အခဲအချို့ကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု မော်တော်ယာဉ် လုပ်ငန်းရှင်များက မှတ်ချက်ပေးသည်။

ပြည်တွင်း၌ မော်တော်ယာဉ် အရောင်းစင်တာတစ်ခု တည်ထောင်မည်ဆိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံသို့ စပေါ်ငွေ အမေရိကန် ဒေါ်လာ တစ်သိန်း၊ မြေငှားရမ်းခ၊ ဝန်ထမ်း စရိတ်၊ အခွန်ပေးဆောင်ရခြင်းအပြင် ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ်များကို တစ်နှစ်အတွင်း ရောင်းချရမည် ဖြစ်ပြီး မရောင်းချနိုင်ပါက မူလနိုင်ငံသို့ ပြန်လည် တင်ပို့ရမည်ဖြစ်သည်။

S-04


  • VIA