News

POST TYPE

LOCAL

နဝမတန်းတွင် အထူးပြု ဘာသာတွဲယူခြင်းကို ဇွန်လကုန် အတည် သတ်မှတ်မည်
25-May-2017

ရန်ကုန်၊ မေ ၂၅

အလယ်တန်းဆင့်မှ အထက်တန်းဆင့် အကူးအပြောင်းဖြစ်သည့် နဝမတန်းတွင် အထူးပြု ဘာသာတွဲယူခြင်းကို ဇွန်လကုန်မှသာ အတည် သတ်မှတ်မည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က မေလ ၂၅ ရက် နံနက်ပိုင်းက အထက(၄) အလုံတွင်ပြုလုပ်သည့် ကျောင်းအပ်နှံရေး အခမ်းအနားတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

နဝမတန်းတွင် ကျောင်းသား အများစုက အတွဲ(၁) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒနှင့် အတွဲ (၇) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒများကိုသာ အများဆုံး သင်ယူကြသည်။

ရန်ကုန်တိုင်းအတွင်း အတွဲ(၂) ကို အထူးပြု သင်ယူသည့် ကျောင်းသား အလွန်နည်းသည်။ ပြီးခဲ့သည့်နှစ် စာရင်းအရ နဝမတန်း၊ ဒသမတန်း စုစုပေါင်း ကျောင်းသား ၂၀ဝ ကျော်သာ ရှိသည်။

ထို့ကြောင့် ကျောင်းရှိ ဆရာများက ယခုနှစ်မှ အထက်တန်းဆင့် ကူးပြောင်းသည့် ကျောင်းသားများအတွက် အတွဲ (၂) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ သင်ယူနိုင်ကြောင်း ပညာရေးလမ်းညွှန် ကူညီကြရန် ၎င်းက မှာကြားသည်။

“ကလေးက အတွဲ(၂)ကို ယူချင်တယ်။ မိဘက ကိုယ့်ကလေး အတွဲ(၂) ယူလိုက်တာနဲ့ ပညာရေး နိမ့်ကျသွားတယ်လို့ ယူဆတာ”ဟု ဒေါ်ဆွေဆွေလဲ့က ပြောကြားသည်။

အထက(၄)အလုံတွင် နဝမတန်း တက်ရောက်မည့် ကျောင်းသူတစ်ဦး၏ ဖခင်က အတွဲ(၇) (အရပ်စကားအရ ဇီဝတွဲ၊ ဆရာဝန်လိုင်း)ကို အထူးပြုယူလျှင် ဆယ်တန်းအောင်သောအခါ အမှတ်များလျှင် တက္ကသိုလ် ရွေးချယ်ခွင့် ပိုများသဖြင့် အတွဲ(၇)ကို ပိုယူခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ဇွန်လကုန်မှ အတည် သတ်မှတ်မယ်ဆိုရင် ကောင်းပါတယ်။ ကျောင်းသားကလည်း တစ်လလောက် ကိုယ့်အခြေအနေကို ကြည့်ရမှာပေါ့။ သိပ္ပံတွဲ မလိုက်နိုင်ရင်၊ စိတ်မပါရင် ဝိဇ္ဇာတွဲလိုက်လို့၊ ပြောင်းသင်လို့ ရတာပေါ့”ဟု ၎င်းက ပြောကြားသည်။ 

ဝိဇ္ဇာတွဲ အထူးပြု သင်ယူသည့် ကျောင်းသားနည်းရခြင်းမှာ ဆရာများက နဝမတန်း ကျောင်းသားများကို တစ်လခန့် သင်ယူစေပြီး အဆင်မပြေလျှင် ဘာသာတွဲ ပြောင်းယူခွင့် ခွင့်မပြုခြင်းက အချက်တစ်ချက်ဖြစ်ကြောင်းကို ဒေါ်ဆွေဆွေလဲ့က ထောက်ပြသည်။

သို့သော် ယင်းဘာသာရပ်များ သင်ကြားနိုင်သည့် ဆရာမရှိဟု တုံ့ပြန်မှုများအတွက် ယခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း အထက်တန်းဆင့် ပထဝီဝင်၊ သမိုင်းဘာသာရပ်များ သင်ကြားနိုင်မည့် ဆရာဦးရေ ၂၀၇၀ ကျော်ကို တိုင်းပညာရေးမှူးရုံးက ခန့်ထားသည်။

ထို့ကြောင့် ယခုနှစ်မှစ၍ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ ပါဝင်သည့် အတွဲ(၂) သင်ယူလိုသည့် ကျောင်းသားများ သင်ယူနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က ပြောကြားသည်။


  • VIA