News

POST TYPE

LOCAL

တက္ကသိုလ် ထိပ်ပိုင်းအရာရှိများအတွက် ကျောင်းဖွင့်မည်
25-May-2017
ရန်ကုန်၊ မေ ၂၅

တက္ကသိုလ်များ၏ စီမံခန့်ခွဲမှု ပိုကောင်းလာရေး ပါမောက္ခချုပ်များကို သင်တန်းပေးမည့် ကျောင်းတစ်ကျောင်း ယခုနှစ်အတွင်း ဖွင့်နိုင်ရန် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်က စီစဉ်နေသည်။

ကျောင်းအမည်ကို “National Institute for Higher Education Development” ဟု ကော်မရှင်က လတ်တလော အမည်ပေး ခေါ်ဆိုသည်။

“ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ၊ တခြားစီမံခန့်ခွဲရေးပိုင်းတွေ ပိုပြီးတော့ ပိုထက်ထက်မြတ်မြတ် ရှိအောင်၊ ပိုပြီးအောင်အောင် မြင်မြင်ဆောင်ရွက်နိုင်ဖို့ ဖွင့်လှစ်မှာပါ” ဟု ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်က ပြောကြားသည်။

ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ စီမံခန့်ခွဲရေးဆိုင်ရာ အရာရှိများကို သုံးလနှင့်အထက်ကြာမည့် သင်တန်းများ ပို့ချမည် ဖြစ်သည်။

ကျောင်းနေရာကို သင်တန်းပို့ချရေး၊ စာသင်ခန်းအနေအထား၊ သွားလာရေး အဆင်ပြေမည့် ရန်ကုန်တက္ကသိုလ် ပင်လုံဆောင် (အသစ်) တွင် ဖွင့်နိုင်ရန် ကော်မရှင်က ရည်မှန်းထားသည်။

ရန်ကုန်မြို့ရှိ ပါမောက္ခချုပ်တစ်ဦးက ဆရာအရည်အသွေးနှင့် ခံယူချက်များ ပြောင်းနိုင်မည့် ထိရောက်သည့် အစီအစဉ်များပါလျှင် ပိုကောင်းမွန်ပြီး အထောက်အကူပြုမည်ဟု မှတ်ချက်ပြုသည်။

လတ်တလောတွင် ဆရာများ၏ အရည်အသွေးနှင့် ခံယူချက် ပြောင်းလာစေမည့် အစီအမံများကို ဘေးဖယ်ထားနေသေးသည်ဟု ထင်မြင်မိကြောင်း ပါမောက္ခချုပ်က ထပ်မံပြောဆိုသည်။

ယင်းအစီအစဉ်ကို ဗြိတိန်နိုင်ငံ ပညာရေးဆိုင်ရာ အဖွဲ့အစည်း၊ ပညာရေး ဝန်ကြီးဌာနနှင့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်တို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။

ဗြိတိန်နိုင်ငံမှ ပူးပေါင်းပါဝင်မည့် အဖွဲ့အစည်းအမည်ကိုမူ လတ်တလော ထုတ်မပြောလိုသေးကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်က ပြောကြားသည်။

ယင်းအစီအစဉ်သည် ၂၀၁၆-၂၀၂၁ ငါးနှစ်တာ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအရ စီမံခန့်ခွဲမှု ပိုကောင်းလာရန် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်က စီစဉ်ခြင်း ဖြစ်သည်။