News

POST TYPE

LOCAL

ရန်ကုန်တိုင်းတစ်ခုလုံး အန္တရာယ်ကင်းစေရန် မဟာပဋ္ဌာန်း ရွတ်ဖတ်
25-May-2017
ရန်ကုန်၊ မေ ၂၄

ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းစေရန် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို တွံတေးမြို့ရှိ ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် မေလ ၂၃ ရက် ကစ၍ ပြုလုပ်ခဲ့ကြောင်း ယင်းမြို့နယ်ရှိ  လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်းရှိ စေတီကိုးဆူတွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ရာ နောက်ဆုံးအနေနှင့် တွံတေးမြို့ရှိ ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း တွံတေးမြို့နယ် မဲဆန္ဒနယ်မှ  တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောကြားသည်။

“၂၃ ရက်နေ့ မနက် ၆ နာရီက ဖွင့်ပွဲအခမ်းအနား ကျင်းပတယ်။ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲက ငါးရက် ကျင်းပမှာပါ၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့က နေပြီးတော့ တစ်တိုင်းလုံးက ပြည်သူတွေ ဘေးအန္တရာယ်ကင်းအောင် ဆိုပြီး တန်ခိုးကြီး ဘုရားကိုးဆူမှာ ပဋ္ဌာန်းပွဲလုပ်တာပါ။ ကျန်တဲ့ရှစ်ဆူက ပြီးသွားပြီ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တာ်ဝန် ဦးမောင်မောင်စိုး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်တို့ အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ယခုနှစ်အတွင်း အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲများကို ရွှေတိဂုံစေတီ၊ ဆူးလေစေတီ၊ ဗိုလ်တထောင်စေတီ၊ ကျိုက်ခေါက်စေတီ၊ ရွှေဘုန်းပွင့်စေတီ၊ သန်လျင်ကျိုက်ခေါက်စေတီ၊ မဟာဝိဓိယစေတီ၊ ကမ္ဘာအေးစေတီနှင့် တွံတေးရွှေဆံတော်စေတီတို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

J-10