News

POST TYPE

LOCAL

ယာဉ်ထိန်းရဲတစ်ဦး တာဝန်ထမ်းဆောင်နေစဉ် လဲကျသေဆုံး
24-May-2017

ရန်ကုန်၊ မေ ၂၄

မရမ်းကုန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းဆုံမီးပွိုင့်တွင် ယာဉ်လမ်းကြော ရှင်းလင်းနေသည့် ယာဉ်ထိန်းရဲတပ်ကြပ် မြင့်ကျော်ဦးသည် မေလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က လဲကျသေဆုံးခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ (ယာယီ) ဒုတပ်ဖွဲ့မှူး ရဲမှူးမျိုးအောင်မြင့်က ပြောကြားသည်။

“ရောဂါအနေနဲ့ သွေးတိုး၊ ဆီးချိုတို့ မရှိပါဘူး၊ တာဝန်ထမ်းဆောင်ရင်း ယာဉ်တွေရှင်းပေးနေရင်း နေ့လယ် ၁၂ နာရီလောက်ဆိုတော့ နေရှိန်မြင့်တော့ မူးပြီးတော့ လဲကျသွားတာ။ အဲဒီမှာ အခြားတာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲတွေက နားနေခန်းကို ပို့ပေးတယ်။ အဲဒီကမှ အနီးဆုံးမှာရှိတဲ့ ရွှေလမင်း ဆေးရုံကိုပို့ရင်း ဆုံးသွားတာပါ”ဟု ၎င်းက ရှင်းပြသည်။

တာဝန်ထမ်းဆောင်နေချိန်အတွင်း သေဆုံးခဲ့သော ယာဉ်ထိန်းရဲတပ်ကြပ် မြင့်ကျော်ဦး၏ ရုပ်အလောင်းကို မြောက်ဥက္ကလာဆေးရုံသို့ တင်ပို့ထားပြီး ရေဝေး သုသာန်၌ မေလ ၂၅ ရက် မွန်းလွဲ ၃ နာရီတွင် မီးသဂြိုလ်မည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးထံမှ သိရသည်။

“ဆရာက တာဝန်ထမ်းဆောင်ရင်း မူးတယ် မူးတယ်ဆိုပြီး ရုတ်တရက်ကြီး ဖြစ်သွားတာ၊ လုပ်ဖော်ကိုင်ဖက်ဆိုတော့ စိတ်မကောင်းဘူးဗျာ။ သူ့ကို မီခိုနေတဲ့ မိန်းမနဲ့ကလေး ကျန်သေးတယ်”ဟု အဆိုပါမီးပွိုင့်တွင် တာဝန်ထမ်းဆောင်ခဲ့သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

သေဆုံးသွားသော ရဲတပ်ကြပ် မြင့်ကျော်ဦးသည် အသက် ၃၁ နှစ်အရွယ်ရှိပြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းရှိ အောင်သပြေ ရဲလိုင်းခန်းတွင် နေထိုင်သူဖြစ်ကာ ဇနီးနှင့်အတူ သုံးနှစ်အရွယ် သမီးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း၊ လက်ရှိတွင် ကျန်ရစ်သူမိသားစုကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ထောက်ပံ့ပေးနိုင်ရန်စီစဉ်ထားပြီး Hello Cab တက္ကစီ ဝန်ဆောင်လုပ်ငန်းက ကျပ်ဆယ်သိန်း ထောက်ပံ့ပေးထားကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးထံမှ သိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး တာဝန်ထမ်းဆောင်ရာနေစဉ် သေဆုံးခဲ့သောဖြစ်ရပ်နှင့်ပတ်သက်၍ မရမ်းကုန်း မြို့မရဲစခန်းက သေမှုသေခင်းစာရင်း မသွင်းရသေးကြောင်း၊ မြောက်ဥက္ကလာပ ဆေးရုံ၏ ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ရဲမှူးမျိုးအောင်မြင့်က ထပ်လောင်း ပြောဆိုသည်။

J-17


  • VIA