News

POST TYPE

LOCAL

ခရီးသည်စိတ်ကြိုက်နှုန်း ပေးစီးနိုင်သည့် YBS ယာဉ်လိုင်း ပြေးဆွဲမည်
02-May-2017


ရန်ကုန်၊ မေ ၂

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS တံဆိပ်တပ် ယာဉ်များအနက် အဲကွန်းဘတ်စ် ၂၁ ယာဉ်လိုင်း အနေနှင့် ခရီးသည်ပေးသည့်နှုန်းအတိုင်း ယာဉ်အစီး ၃၀ ဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း Power Eleven Public ကုမ္ပဏီထံမှ သိရသည်။

“အဓိက ရည်ရွယ်တာက စေတနာ ရှိသလောက်ပေး ဆိုတာထက် ခရီးသည် ကိုယ်တိုင် ယာဉ်စီးခ သတ်မှတ်စေချင်တာပါ။ ရွေးချယ်ခွင့်ပေးတဲ့ သဘောပေါ့”ဟု YBS ၂၁ ယာဉ်လိုင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးတရုတ်လေးက ပြောကြားသည်။

YBS အဲကွန်းဘတ်စ် ၂၁ သီးသန့် ယာဉ်လိုင်းအနေနှင့် ယာဉ်သုံးစီးဖြင့် ဧပြီလ ၄ ရက်ကစ၍ စမ်းသပ် ပြေးဆွဲခဲ့ရာ အောင်မြင်နေသောကြောင့် ယာဉ်စီးရေ ၃၀ ဖြင့် ထပ်တိုး ပြေးဆွဲရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ယာဉ်အသစ် အစီး ၃၀ နဲ့ပြေးဆွဲမှာပါ။ စမ်းသပ် ပြေးဆွဲနေတဲ့ ယာဉ်တွေကလည်း ဒီနေ့အထိ ပြေးနေတုန်းပါ။ ခရီးသည်တွေအနေနဲ့ ယာဉ်စီးခ ထိုက်သင့်သလောက် ပေးတဲ့အပြင် ပိုပေးသွားတာမျိုးတောင် ရှိတယ်”ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

တိုးချဲ့ပြေးဆွဲမည့်ယာဉ်များ အသင့်ရှိနေပြီဖြစ်ရာ အဆိုပါ ယာဉ်များမှာ ၂၀ဝ၇ နှင့် ၂၀ဝ၈ ခုနှစ်ထုတ် ယာဉ်များဖြစ်ပြီး ယာဉ်တစ်စီးလျှင် ကျပ်သိန်း ၂၂၀ မှ ၂၄၀ အထိရှိကြောင်း Power Eleven Public ကုမ္ပဏီထံမှ ထပ်မံသိရသည်။

Power Eleven Public ကုမ္ပဏီ လက်အောက်တွင် လက်ရှိ ပြေးဆွဲနေသည့် ယာဉ် ၇၁ စီးရှိပြီး တစ်ရက်လျှင် ယာဉ် ၅၀ စီးဖြင့် ဆူးလေ၊ အင်းစိန်၊ တညင်းကုန်း၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်တို့သို့ ပြေးဆွဲနေသည်။

J-06

  • VIA