News

POST TYPE

LOCAL

သီတဂူဆရာတော်ကို သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ သမ္မတဦးထင်ကျော် ဆက်ကပ်
07-Jan-2017

ရန်ကုန်၊ ဇန်နဝါရီ ၅

အုပ်ချုပ်ရေး အာဏာကို လွှဲပြောင်း ရယူခဲ့သည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်သော အစိုးရသစ်သည် ပထမဆုံးအကြိမ်အဖြစ် သာသနာတော်ဆိုင်ရာ ဘွဲ့ထူး၊ ဂုဏ်ထူးများ ချီးမြှင့်အပ်နှင်းရာတွင် သီတဂူဆရာတော်  အရှင်ဉာဏိဿရအား သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်ကို သမ္မတ ဦးထင်ကျော်က ဆက်ကပ် လှူဒါန်းလိုက်သည်။ 

အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော်ကို သမ္မတဦးထင်ကျော် အမိန့်ဖြင့် လွတ်လပ်ရေးနေ့က ဆက်ကပ် လှူဒါန်းခြင်းဖြစ်ပြီး နိုင်ငံတော်က အထူး အလေးအမြတ်ပြုရာ တံခွန်တိုင်ကဲ့သို့ အဓိပ္ပာယ်ရသော ယင်းဘွဲ့မှာ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာနှင့် စပ်လျဉ်း၍ ချီးမြှင့်သည့် အမြင့်ဆုံး ဘွဲ့တံဆိပ်ဖြစ်သည်။

ယခုနှစ်တွင် နိုင်ငံတော်သမ္မတက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော် ဆက်ကပ်သည့် ရဟန်းတော် ငါးပါးရှိပြီး သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ ပေါက်မြိုင်စာသင်တိုက် ဆရာတော် အရှင်ဇနိန္ဒ၊ မဟာဝိဇိတာရုံ ဆင်ဖြူကျွန်း ကျောင်းတိုက်ဆရာတော် အရှင်ဉာဏိန္ဒ၊  ဆင်မင်းဆရာတော် အရှင်သြဘာသာ ဘိဝံသနှင့် ကိုင်းကုန်းကျောင်းတိုက် ဆရာတော် အရှင်သောဘိတတို့ ဖြစ်သည်။ 

သီတဂူ ဆရာတော်မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်း၊ ၂၀၁၂ ခုနှစ် ဘာသာရေး အသွင်ဆောင် အဓိကရုဏ်း ဖြစ်ရပ်များ အပါအဝင် တိုင်းပြည်၏ အရေးကြီးသော ကာလများ၌ ဗုဒ္ဓဘာသာဝင်များ၊  နိုင်ငံသားများနှင့် စပ်လျဉ်း၍ သဘောထား ရပ်တည်ချက်များ ထုတ်ဖော် မိန့်ကြားလေ့ရှိပြီး ယင်းမိန့်ကြားချက်များကြောင့် ဝေဖန်မှုများလည်း ကြုံတွေ့ခဲ့ရသည်။

သမ္မတဦးသိန်းစိန်ကို နောက်ထပ် သမ္မတသက်တမ်းအတွက် ထောက်ခံကြောင်း ၂၀၁၅ ခုနှစ်က မိန့်ကြားခဲ့ဖူးပြီး ဇန်နဝါရီလ ၂ ရက်နေ့က ပြည်သူ့ရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက  စီစဉ်ကျင်းပသည့် နှစ်သစ်ကူး ဓမ္မသဘင်၌ အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးသူများ၏ စီးပွားရေးကို အလေး ဂရုပြုရန်နှင့် ဆင်းရဲမှုသည် ပဋိပက္ခများ၏ ရင်းမြစ်ဖြစ်ကြောင်း ဟောကြားခဲ့သေးသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိလည်းဖြစ်သော အရှင်ဉာဏိဿရမှာ သီတဂူဆရာတော်၊ သဲကုန်းဆရာတော်၊ သပိတ်အိုင်ဆရာတော်အမည်များဖြင့် နိုင်ငံတစ်ဝန်း ထင်ရှားပြီး သီတဂူရေအလှူတော်၊ သီတဂူ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများက ဆရာတော်၏ အထင်ကရ လုပ်ရပ်များဖြစ်သည်။

သာသနာတော်ဆိုင်ရာ အမြင့်ဆုံး ဘွဲ့တံဆိပ်ရ သီတဂူဆရာတော်မှာ ရွှေကျင်ဂိုဏ်း၏ တွဲဖက် သာသနာပိုင်လည်း ဖြစ်သည်။


  • VIA