News

POST TYPE

LOCAL

သီတဂူ ဆရာတော် နယ်ဝေး တရားပွဲများ လျှော့ချ
29-Dec-2016

မန္တလေး၊ ဒီဇင်ဘာ ၂၉

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ ဆရာတော် အရှင်ဒေါက်တာ ဉာဏိဿရ ဆရာတော် အနေနှင့် သက်တော် ၈ဝ ပြည့် မွေးနေ့မှစ၍ နယ်ဝေး တရားပွဲများကို လက်မခံတော့ကြောင်း ယင်းဗုဒ္ဓ တက္ကသိုလ်ထံမှ သိရသည်။

ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် တပေါင်းလပြည့်နေ့ (၂ဝ၁၇ ခုနှစ် မတ်လ ၁၂ ရက်) တွင် သက်တော် (၈ဝ) ပြည့်မည်ဖြစ်၍ မဖြစ်မနေ ဟောကြားရမည့် ကိစ္စရပ်များရှိမှသာ ဟောကြားပေးမည်ဖြစ်ကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဆရာတော် ဦးကုမာရက မိန့်ကြားသည်။

“တရားဟောမယ်ဆိုရင် ကြာကြာ ထိုင်ရတယ်။ နယ်ခရီး သွားရမယ်ဆိုရင် သက်တော် ၈ဝ အရွယ်ဆိုတော့ ကားစီးရတာ မလွယ်တော့ဘူး။ မကင်းရာ မကင်းကြောင်းတွေ ရှိလာရင်တော့ ဆရာတော်ကြီးက ဟောပေးမှာပါ”ဟု ၎င်းက မိန့်ဆိုသည်။ 

မြန်မာနိုင်ငံအတွက် အရေးကြီးသော ကိစ္စရပ်များ၊ ရိုသေ လေးစားရမည့် သံဃာကိစ္စရပ်များ၊ အသက်၊ ဂုဏ်ပိုကြီးသော ဆရာတော်ကြီးများက တာဝန်ပေးအပ်သည့် ကိစ္စရပ်များတွင် တရားတော်များ ဟောကြားပေးမည်ဖြစ်ကြောင်းလည်း ဦးကုမာရက ရှင်းပြသည်။

သီတဂူ ဆရာတေ်ကြီး အနေနှင့် တစ်နှစ်လျှင် ရက်ပေါင်း ၃ဝဝ ခန့် တရား ဓမ္မများ ဟောပြောခဲ့ရာမှ စစ်ကိုင်းမြို့နယ်အတွင်း တည်ဆောက်နေသော သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်၌ တရားဟောခြင်း၊ တရားပြခြင်းများသာ ပြုလုပ်ပေးတော့မည်ဖြစ်ကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရှိ ဆရာတော်ကြီးများထံမှ သိရသည်။

သီတဂူ ဆရာတော်ကို ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့၌ ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မွေးဖွားပြီး ၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေ ပြုခဲ့ကာ ၁၉၆၁ ခုနှစ်တွင် ဓမ္မာစရိယ စာချတန်း အောင်မြင်ခဲ့သည်။

ဆရာတော်ကြီးသည် ၁၉၇၅ ခုနှစ်မှစ၍ မြန်မာပြည်အနှံ့ ဗုဒ္ဓဒေသနာများ ဟောကြားခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး၌ သီတဂူကျောင်းတိုက်ကို စတင် တည်ထောင်ခဲ့ကာ ၁၉၈ဝ ပြည့်နှစ်တွင် သီတဂူ ရေအလှူတော် စီမံကိန်း စတင်ခဲ့သည်။

ယင်းနောက် ၁၉၈၅ ခုနှစ်တွင် သီတဂူ အာယုဒါန ဆေးရုံ တည်ထောင်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ကာ လက်ရှိအချိန်အထိ မြန်မာပြည်အနှံ့မှ သံဃာတော်များကို ဆေးကုပေးလျက် ရှိသည်။

ဆရာတော်ကြီးသည် ၁၉၇၉ ခုနှစ်မှစ၍ ကမ္ဘာ့သာသနာပြု လုပ်ငန်းများ စတင်ခဲ့ရာ လက်ရှိ အချိန်အထိ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော် လှည့်လည်၍ သာသနာပြုခဲ့ပြီးဖြစ်သည်။

ဆရာတော်သည် ယခုအချိန်၌ သီတဂူ ဗုဒ္ဓတက္ကသိုလ်တွင် စာပေ ပို့ချပေးရင်း တရား အားထုတ်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

M-05


  • VIA