News

POST TYPE

LOCAL

သမ္မတကတော် ဒေါ်စုစုလွင် Global Inspirational Leadership Award ဆု ချီးမြှင့်ခံရ
25-Dec-2016

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဇနီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်သည် Centre for Economic and Leadership Development (CELD) အဖွဲ့အစည်းက ချီးမြှင့်သည့် Global Inspirational Leadership Award 2016 ဆုကို ရရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၅ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ဒေါ်စုစုလွင်၏ မြန်မာနိုင်ငံ ပညာရေးကဏ္ဍ၊ အမျိုးသမီးများနှင့် ကလေးများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍများ၌ ကြိုးပမ်း ဆောင်ရွက်နေမှုများအတွက် ပေးအပ်ခြင်း ခံခဲ့ရကြောင်း သတင်းတွင် ရေးသားထားသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံ ဒူဘိုင်းမြို့ရှိ Shangri-La ဟိုတယ်၌ ပြုလုပ်သည့် South America - Africa - Middle East - Asia Women Summit (SAMEAWS) ၌ အဆိုပါဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ဒေါ်စုစုလွင်၏ ကိုယ်စား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးခိုင်က တက်ရောက် လက်ခံခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

အလားတူ CELD မှ ထုတ်ဝေသည့် Amazons Watch Magazine တွင်လည်း ဒေါ်စုစုလွင်၏ ပညာရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုများအတွက် Top 100 Most Influential Women In Emerging Economies အဖြစ် ထည့်သွင်း ဖော်ပြခဲ့ပြီး CELD ၏ Global Women Leaders 2016 ဆုတံဆိပ်ကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Centre for Economic and Leadership Development (CELD) အဖွဲ့အစည်းသည် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ECOSOC) ၏ Special Consultative အဆင့်အတန်း ရရှိထားသည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

J-09

  • VIA