News

POST TYPE

LOCAL

ရတနာ နှင်းဆီအိမ်ရာ ရောင်းချပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
24-Dec-2016


ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ရတနာနှင့် ဧရာဝဏ် အိမ်ရာစီမံကိန်း၏ တည်ဆောက်ပြီးစီးခဲ့သော ရတနာနှင်းဆီအိမ်ရာ အရောင်းပြပွဲကို ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးလိုက်သည်။

အဆိုပါ စီမံကိန်းများအနက် ပြီးစီးနေပြီ ဖြစ်သော ရတနာနှင်းဆီအိမ်ရာ စီမံကိန်းမှ တိုက်ခန်းပေါင်း ၁၃၈ဝ ကျော်ကို ပထမဆုံး ရောင်းချပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရတနာနှင်းဆီ အိမ်ရာစီမံကိန်းတွင် စတုရန်းပေ ၆ဝဝ ရှိ အခန်းနှင့် စတုရန်း ပေ ၁၂ဝဝ ရှိ အခန်းများ ပါဝင်ပြီး  စတုရန်း ပေ ၆ဝဝ ရှိတစ်ခန်းလျှင် ကျပ်သိန်း ၆ဝဝ၊ စတုရန်းပေ ၁၂ဝဝ ရှိ တစ်ခန်းလျှင် ကျပ်သိန်း ၁၂ဝဝ သတ်မှတ်ထားကြောင်း ယင်းဌာနထံမှ သိရှိရသည်။

တိုက်ခန်းဝယ်ယူလိုသူများ အနေနှင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) နှင့် ချိတ်ဆက်ရမည် ဖြစ်ပြီး တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ကနဦး ပေးသွင်း၍ လစဉ် အရစ်ကျစနစ်ဖြင့် ရှစ်နှစ်မှ ၁၅ နှစ်အထိ ပေးသွင်းရမည် ဖြစ်ကာ လက်ငင်းဝယ်ယူပါက ငါးရာခိုင်နှုန်း သက်သာခွင့်ရမည် ဖြစ်ကြောင်းလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

ယင်းတိုက်ခန်းများကို ဈေးနှုန်းသတ်မှတ်ရာတွင် ဝင်ငွေအလယ်အလတ်ရှိ မိသားစုများ အရစ်ကျစနစ်ဖြင့် ဝယ်ယူနေထိုင်နိုင်ရန် ဦးစားပေးထားပြီး အခြေခံလူတန်းစားများ အိမ်ရာပိုင်ဆိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အိမ်ရာစီမံကိန်းကို မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ရွှေတောင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောက်လုပ်ခြင်း ဖြစ်ရာ တိုက်ခန်းပေါင်း ၁၇၆ ခန်းစီ ပါဝင်သည့် ၁၈ ထပ်မြင့် အဆောက်အအုံ ငါးလုံးမှ အိမ်ခန်းများကို ရောင်းချခြင်း ဖြစ်ကြောင်းလည်း ယင်းဌာနထံမှ ထပ်မံသိရှိရသည်။

ဧရာဝဏ်လမ်းနှင့် ရတနာလမ်းမကြီးဘေးတွင် ရှိသော အဆိုပါ စီမံကိန်း၏ အကျယ်မှာ ဧရာဝဏ်အိမ်ရာ ဘက်ခြမ်းတွင် ဧက ၁၂ဝ ခန့်၊ ရတနာအိမ်ဘက်ခြမ်းတွင် ဧက ၁ဝဝ ခန့် ရှိပြီး အဆင့်မြင့်အိမ်ရာ စီမံကိန်း ၄၉ လုံး တည်ဆောက်မည် ဖြစ်ကြောင်း ယင်းအိမ်ရာစီမံကိန်းအတွက် ကျပ် ၁၉၂ ဒသမ ၆ ဘီလီယံ သုံးစွဲခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည့် ယင်းစီမံကိန်း စာရင်းမှတ်တမ်းများအရ သိရသည်။ 

ရတနာနှင်းဆီအိမ်ရာ စီမံကိန်း ဖွင့်ပွဲသို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ရွှေတောင်ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။ 

J-01

  • VIA