News

POST TYPE

LOCAL

ဒေါက်တာ သန်းထွဋ်အောင် အာမခံ လျှောက်ထားမှု ထပ်မံ ပယ်ချခံရ
22-Dec-2016


ရန်ကုန်၊ ဒီဇင်ဘာ ၂၂

Eleven Media Group မှ အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်၏ ဒုတိယအကြိမ် အာမခံ လျှောက်ထားမှုကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ထပ်မံ ပယ်ချခံရပြီး လာမည့် ရုံးချိန်းတွင် တရားလိုကို စတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း တာမွေမြို့နယ် တရားရုံးထံမှ သိရှိရသည်။

အဆိုပါ အာမခံ လျှောက်ထားမှု ပယ်ချရခြင်းမှာ ယခင် ပထမအကြိမ်က  ထောင်ဆေးစာ ပါဝင်မှုမရှိဘဲ လျှောက်ထားခဲ့ပြီး ယခုအခါ ဒေါက်တာ သန်းထွဋ်အောင်မှာ လူနာတင် ထမ်းစင်ဖြင့်လည်းကောင်း၊ ဝှီးချဲဖြင့်လည်းကောင်း၊ လူနာတွဲကူ၍လည်းကောင်း ရုံးသို့ လာရောက် နေသော်လည်း အကျဉ်းထောင် ဆေးရုံတွင် တက်ရောက် ကုသမှု မှတ်တမ်း တင်ပြနိုင်ခြင်း မရှိ၍ ဒုတိယအကြိမ် အာမခံ လျှောက်ထားမှု ပယ်ချခဲ့ရခြင်း ဖြစ်ကြောင်း တာမွေ မြို့နယ်တရားရုံးမှ တရားသူကြီးက ပြောကြားသည်။

“မျက်မြင် အနေအထားအရ ထောင် ဆရာဝန်ကို ဆင့်ခေါ်ခဲ့တယ်၊ သက်သေ လာရောက် ထွက်ဆိုခြင်း မရှိသလို အကျဉ်း ထောင်ဆေးရုံမှာ ကုသနေရပါတယ်ဆိုတဲ့ ဆေးမှတ်တမ်း တစ်စုံတစ်ရာ တင်ပြခြင်းလည်း မရှိဘူး၊ အဲဒါကြောင့် အာမခံ ပယ်ချလိုက်ခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဒေါက်တာ သန်းထွဋ်အောင်မှာ ကျန်းမာရေး အမှန်တကယ် ကောင်းမွန်မှု မရှိခြင်း၊ လူကြီးလူကောင်း တစ်ယောက် ဖြစ်ခြင်းကြောင့် အာမခံပေး၍ရသော်လည်း မရရှိသဖြင့် စိတ်မကောင်း ဖြစ်ရပါကြောင်း၊ တိုင်းနှင့်ပြည်နယ်များတွင် ယခုကဲ့သို့ တူညီသော အမှုများနှင့် ပတ်သက်ပြီး အာမခံ ပေးထားသည်များ ရှိပါကြောင်း၊ အာမခံ လျှောက်ထားမှုနှင့် ပတ်သက်ပြီး ပြင်ဆင်၊ စိစစ်၍ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း   ဒေါက်တာ သန်းထွဋ်အောင်၏ ရှေ့နေ တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၃ဝ ရက်နေ့အထိ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသူ ဦးရေ ၄ဝ ကျော်ရှိပြီး ထက်ဝက်ခန့်မှာ အာမခံ ရရှိခဲ့ကြောင်း ယင်း ဥပဒေကို ပြင်ဆင်ပေးရန် လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့ထံမှ သိရှိရသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်  မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၆၆ (ဃ) သည် အာမခံရမှု/မရမှုသည် ရဲလုပ်ငန်းနှင့် ရဲအရေးပိုင်ခွင့် ဖြစ်ပြီး အမှု တည်ဆောက်မှု ခိုင်လုံခြင်း၊ မခိုင်လုံခြင်းသည် တရားစီရင်ရေးက ဆင်ခြင် လုပ်ကိုင်ရမည့်ကိစ္စ ဖြစ်သောကြောင့် မှတ်ချက် မပေးလိုကြောင်း ယင်းဥပဒေပုဒ်မကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်ပြလာပါက ဆွေးနွေးပြီး ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ် အားလုံးက ဆွေးနွေးပြီး အခုအခါတိုင်း ဥပဒေတွေလိုပေါ့ ပြင်မလား ပြုမလား မေးတဲ့အတွက် ဆွေးနွေးပြီးမှ ဆုံးဖြတ်တာ ပေါ်ပါလိမ့်မယ်။ အဲအခါကျတော့မှ ပြင်မလား ပြုမလား အဖြေ ထွက်ပါလိမ့်မယ်”ဟု ဦးဝင်းမြင့်က ဆိုသည်။ 

Eleven Media Group Facebook နှင့် Than HtutAung Facebook အကောင့်ပေါ်တွင် သက်တမ်း ၇ လသာရှိပြီး လစာဒေါ်လာ ၂၅ဝဝ ခန့်သာ ရရှိသည့် ဝန်ကြီးချုပ် တစ်ဦး ဒေါ်လာ တစ်သိန်းခန့်တန်သည့် Patek Phillpe နာရီ ဝတ်ဆင်သည်ဆိုသော လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့်သတင်းတွင် တစ်နေ့ အနည်းဆုံး လုပ်ခ ၂ ဒေါ်လာခွဲသာရသည့် နိုင်ငံသား အတော်များများကို မကျေမနပ် ဖြစ်ခဲ့ကြောင်း၊ ၎င်းနာရီကို လက်ဆောင်ပေးသူမှာ မကြာသေးမီက မူးယစ်ဆေးအမှုဖြင့် ထောင်က ထွက်လာခဲ့သော သူဌေးကြီး တစ်ဦးဖြစ်ပြီး အစိုးရ အကူးအပြောင်းတွင် မြို့သစ် စီမံကိန်းကို တင်ဒါ အောင်မြင်ခဲ့သူ ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟုဆိုကာ Eleven Media Group မှ အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို  ရန်ကုန် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ဝန်ကြီးချုပ် ကိုယ်စား တရားလိုပြု တိုင်တန်းခဲ့ခြင်းဖြစ်သည်။ 

J-16 

  • VIA