News

POST TYPE

LOCAL

စည်းကမ်းဖောက်ကုမ္ပဏီနှင့် ဧည့်လမ်းညွှန်များကို လစဉ်ကြေညာမည်
09-Dec-2016

ရန်ကုန်၊ဒီဇင်ဘာ၉

ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျည်း၊စည်းကမ်းနှင့် ဥပဒေများကို ဖောက်ဖျက်လုပ်ဆောင်နေသည့် ခရီးသွားကုမ္ပဏီများနှင့် ဧည့်လမ်းညွှန်များကို အများပြည်သူ သိရှိရန် လစဉ်ကြေညာသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဌာန ညွှန်ကြားရေးမှုးချုပ် ဦးတင့်သွင်က ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ အရေးယူမှုတွေကို Facebook ၊ website ပေါ်မှာ အခါအားလျော်စွာ တင်ပြလေ့ရှိပါတယ်။ တချို့လူတွေက ဒီအချက်အလက်တွေကို မသိကြဘူးလို့ ဆွေးနွေးချက် ရှိတဲ့အတွက် နောင်မှာ Monthly Tourism News ဆိုပြီး ထုတ်ပြန်ဖို့ ရှိပါတယ်။ဘယ်ကုမ္ပဏီက ဘာအပြစ်တွေဖြစ်လို့ ဘယ်လို Action ယူလိုက်လဲဆိုတာ ထုတ်ပြန်သွားမှာပါ”ဟု ဦးတင့်သွင်က ဆက်လက်ပြောဆိုသည်။

ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်၊ ဧည့်လမ်းညွှန်နှင့် ခရီးသွားကုမ္ပဏီတို့အတွက် သက်ဆိုင်ရာလိုင်စင်များကို ထုတ်ပေးလျှက်ရှိပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေကို ချိုးဖောက်မှုများအား ၂၀၁၇ခုနှစ်မှစတင်၍ လစဉ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“၀န်ကြီးဌာနက ထုတ်ပြန်မယ်ဆိုရင်တော့  Industrial တစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် သိရတာပေါ့၊ အပ်ကျတာကအစ ထုတ်ပြန်မှာလားဆိုတာတော့ စောင့်ကြည့်ရမယ်”ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာအောင်မြတ်ကျော်က ပြောဆိုသည်။

ပြီးခဲ့သည့်ဇွန်လက Tour Box အမည်ရှိ ခရီးသွားကုမ္ပဏီမှာ ၎င်း၏ ခရီးစဉ်နှင့် ဈေးနှုန်းများကို လူမှုကွန်ရက် (Facebook ) ပေါ်တွင် ကြော်ငြာထားခဲ့ပြီး ခရီးစဉ်တွင် လိုက်ပါလိုသူများက ကုန်ကျငွေကို ကြိုတင်ပေးချေခဲ့ပြီးနောက် ရုံးခန်းပိတ်၍ တိမ်းရှောင်လိမ်လည်မှု ဖြစ်ပွားခဲ့သည်။

ခရီးသွားလုပ်ငန်းကဏ္ဍတွင် လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်လုပ်ခြင်း၊ ဟိုတယ်လိုင်စင်မရှိဘဲ နိုင်ငံခြားသားများကို တည်းခိုခွင့်ပြုခြင်း၊ လုပ်ငန်းလိုင်စင်မရှိဘဲ ကုမ္ပဏီများသည် ခရီးစဉ်များ ရောင်းချခြင်းတို့ ဖြစ်ပေါ်လျှက်ရှိသည်။




  • VIA