News

POST TYPE

LOCAL

ရွှေတိဂုံစေတီ နိုင်ငံခြားသားဧည့်ဝင်ကြေး ကျပ်သိန်းငါးထောင်ကျော်ရ
08-May-2019
ရန်ကုန်၊ မေ ၈

ရွှေတိဂုံစေတီတော်သို့ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် နိုင်ငံခြားသား ငါးသောင်းတစ်ထောင်ကျော် တက်ရောက်ခဲ့ပြီး ဧည့်ဝင်ကြေး ကျပ်သိန်း ငါးထောင်တစ်ရာကျော်ရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပအဖွဲ့ထံမှသိရသည်။

၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်ဧပြီလနှင့် ယခုနှစ်ဧပြီလ ကာလတူနှိုင်းယှဉ်ပါက နိုင်ငံခြားသားဧည့်သည့် တစ်သောင်းကျော်တိုးတက်ခဲ့ပြီး ၂၀၁၇ နှင့် ၂၀၁၈ ဧပြီလများက နိုင်ငံခြားသားဧည့်သည့် ၄၀၀၀၀ ကျော်သာ ရွှေတိဂုံဘုရားပေါ်သို့ တက်ရောက်ခဲ့ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့မှ သိရသည်။

နိုင်ငံခြားသား ဧည့်ဝင်နှုန်းမှာ ရွှေတိဂုံစေတီတော်သို့ ဧပြီလတွင် လူဦးရေ (၅၁၁၆၀)ဦးတက်ရောက်ခဲ့ပြီး ဧည့်ဝင်ကြေး (၅၁၁,၆၀၀,၀၀၀) ကျပ်နှင့် အမေရိကန်ဒေါ်လာ ၁၅၀ နှင့် အလှူတော်ရငွေအဖြစ် အမေရိကန်ဒေါ်လာ (၅၅၁၄) ကျပ်ရရှိခဲ့ကာ တစ်ရက်လျှင် ပျှမ်းမျှလူဦးရေ (၁၇၀၅) ဦး တက်ရောက်ခဲ့၍ တစ်ရက်လျှင် ဧည့်ဝင်ကြေးပျှမ်းမျှ ကျပ် သိန်းတစ်ရာခုနှစ်ဆယ်ကျော် ရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ ထုတ်ပြန်သည်။

၂၀၁၄ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ကစတင်ပြီး နိုင်ငံခြားသားတစ်ယောက်ကို ဧည့်ဝင်ကြေး မြန်မာကျပ်ငွေ ရှစ်ထောင်ကျပ် ကောက်ခံခဲ့ပြီး ၂၀၁၇ ခုနှစ်မှစတင်ကာ ကျပ်တစ်သောင်းအထိ တိုးမြှင့်ကောက်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် ရွှေတိဂုံစေတီတော်သို့ ထိုင်း၊ တရုတ်၊ ကိုးရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ ဂျာမနီ၊ အမေရိကန် နိုင်ငံခြားသား အများဆုံး တက်ရောက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

၂၀၁၉ခုနှစ်၊ မတ်လတွင် နိုင်ငံခြားသား (၇၆,၁၃၀)ဦး တက်ရောက်ခဲ့ပြီး ဧည့်ဝင်ကြေးအဖြစ် (၇၆၁,၃၀၀,၀၀၀)ကျပ်နှင့် အမေရိကန် ဒေါ်လာ ၁၃၀ ရရှိခဲ့ပြီး အလှူတော်ရငွေအဖြစ် အမေရိကန်ဒေါ်လာ (၁၁,၅၃၅) ရရှိခဲ့သဖြင့် ယခု ဧပြီလအနေဖြင့် မတ်လနှင့်နှိုင်းယှဉ်ပါက ကျပ်သိန်း ၂၅၀၀ ကျော် လျှော့နည်းခဲ့သည်။

ရွှေတိဂုံစေတီတော်မှ ရရှိသော အလှူငွေများနှင့် ဧည့်ဝင်ကြေးများကို မြန်မာ့ စီးပွားရေးဘဏ်သို့ အပ်နှံထားကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

J-10