News

POST TYPE

LOCAL

နေအိမ်နှစ်အိမ်တွင် ဓားထိုးမှုနှင့် လုယက်မှုတစ်ရက်တည်း ကျူးလွန်သူ အမျိုးသား ၉ ဦးကို ဓားပြမှုဖြင့်အမှုဖွင့်
25-Feb-2019
မန္တလေး၊ ဖေဖော်ဝါရီ ၂၅

ပြင်ဦးလွင်မြို့နယ် နောင်ခမ်းကြီးကျေးရွာ နေအိမ်တစ်အိမ်မှ အမျိုးသမီးကို တူမီးသေနတ်ဖြင့်ထောက်၍ ရွှေနှင့်ငွေများ ယူသွားပြီးနောက် နောက်တစ်အိမ်သို့ ဝင်ရောက်ပြီး အိမ်ရှင်အမျိုးသားကို ဓားဖြင့်ထိုးခဲ့သည့် အမျိုးသား ၉ ဦးကို ဓားပြတိုက်မှုဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းက အမှုဖွင့်လိုက်ကြောင်း ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၉ နာရီခန့်က ဒေါ်ခင်မာသန်းသည် နေအိမ်၌အိပ်နေစဉ် ခွေးဟောင်သံကြား၍ထကြည့်ရာ အမျိုးသားကိုးဦးခန့်က ၎င်းကို တူမီးသေနတ်ဖြင့် ထောက်ကာ နားကပ် ဖြုတ်ယူပြီးနောက် နေအိမ်အတွင်း ဝင်ရောက်ကာ ပိုက်ဆံများယူသွားပြီးနောက် ယင်းည ၁၁ နာရီခန့်တွင် ယင်းအမျိုးသားများသည် ယင်းကျေးရွာရှိ ဦးအိုက်အင်းနှင့် ဒေါ်အေးခမ်းတို့၏ ကြက်ခြံအတွင်း ဝင်ရောက်ကာ ကြက်ခိုးနေစဉ် အိမ်ရှင်များသိသွားခဲ့ရာ ဦးအိုက်အင်းကို ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားခဲ့သည့်အတွက် ဒေါ်အေးခမ်းက ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထို့ကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ တရားခံများကို ဖော်ထုတ်နိုင်ရေး ရဲတပ်ဖွဲ့က လုပ်ဆောင်ခဲ့ရာ အဆိုပါကျေးရွာအနီး တောတွင်းတစ်နေရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် လောင်းတစ်ခုကိုတွေ့ရှိခဲ့ပြီး မသင်္ကာသူများကို စစ်ဆေးခဲ့ရာတွင် သေဆုံးနေသူ အပါအဝင် အမျိုးသား လေးဦးကို နေအိမ်များအတွင်း ဝင်ရောက် လုယက်ခဲ့သူများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ညီညီက ပြောကြားသည်။

ဒေါ်ခင်မာသန်းက ဖမ်းမိထားသည့်တရားခံများကို အတည်ပြုပေးခဲ့ပြီးနောက် ဓားပြမှုပုဒ်မဖြစ်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၅ ဖြင့် ထပ်မံဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ယင်းရဲတပ်မှူးရုံးထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်က ကျော်မင်းထွန်း (ခ) ဂိုလေး (၁၇ နှစ်)၊ အောင်ထက်ကျော် (ခ) ကောင်းထက် (၁၉ နှစ်)၊ ဇော်မင်းထွန်း (ခ) ဂူတူး (၂၅ နှစ်)နှင့် ရဲလင်းထွန်း (ခ) သီဟလင်း(၁၈ နှစ်)တို့ကို မင်္သကာသဖြင့် ရွာသစ်ကလေး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်စစ်ဆေးရာ ယင်းအမှုများကို ကျူးလွန်သူများဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

၎င်းတို့ကိုစစ်ဆေးရာတွင် ၎င်းတို့အပြင် ရဲထူး (၂၆ နှစ်)၊ မျိုးထွေး (ခ) ကတုံး(၂၇ နှစ်)၊ ဇော်ကြီး (၄၆ နှစ်)နှင့် မောင်မောင်ဦးတို့ပါရှိကြောင်း သိရှိခဲ့ရသဖြင့် လိုက်လံဖမ်းဆီးရာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ရဲထူးနှင့် မျိုးထွေး (ခ) ကတုံးတို့ကို ဖမ်းမိခဲ့ပြီး ကျန်ပြစ်မှုကျူးလွန်သူ မောင်မောင်ဦးနှင့် ဇော်ကြီးတို့ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

ပြစ်မှုကျူးလွန်များ ၈ ဦးသည် သောက်စားရန်အတွက် ဦးအိုက်အင်း၏ ကြက်ခြံအတွင်း ကြက်သွားခိုးစဉ် ဦးအိုက်အင်းတိုးခဲ့သည့်အတွက် ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ထို့နောက် ထွက်ပြေးလာပြီး တောင်ယာတဲအတွင်း သောက်စားပြီး နောက်တစ်အိမ်ကို ထပ်မံခိုးယူရန် ပြောဆိုကျရာမှ စကားများရန်ဖြစ်ကာ မျိုးထွေး (ခ) ကတုံးမှ ကင်းကင် (ခ) လားမှားငိုက်ကီးမားကို တူမီးသေနတ်ဖြင့် ပစ်ခဲ့သည့်အတွက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများကို ဦးအိုက်အင်းကို ဓားဖြင့်ထိုးခဲ့မှုအတွက် အပြင်းအထန် နာကျင်စေမှု၊ ဒေါ်ခင်မာသန်းထံမှ လုယက်မှုအတွက် ဓားပြမှု၊ အချင်းချင်း ရန်ဖြစ်ရာတွင် လူသေဆုံးခဲ့သည့်အတွက် လူသတ်မှုတို့ဖြင့် စစ်ဆေးနေကြောင်း ပြင်ဦးလွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

M-04