News

POST TYPE

LOCAL

မတ်လထွက်မည့် ကျပ်တစ်ထောင်တန်ထီ ဆုအရေအတွက်တိုးထား
17-Feb-2019
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မတ်လ ၁ ရက်နေ့ထွက်မည့် ကျပ်တစ်ထောင်တန်ထီတွင် ကျပ်သိန်းတစ်သောင်းခွဲဆုအပြင် ဆုအရေအတွက်များ တိုးထားကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲထံမှ သိရသည်။

ဈေးကွက်တွင်လည်း အသစ်စထွက်မည့် ကျပ်တစ်ထောင်တန်ထီကို ဝယ်ယူမှုများသည့်အတွက် ဆုအရေအတွက်ခွဲဝေသည့်အခါ ပိုများသွားခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

"အထူးဆုကြီးတွေလည်း ပိုထားတယ်။ အခြားဆုတွေလည်း ပိုထားတယ်။ ရောင်းချရတဲ့ ၆၀ ရာခိုင်နှုန်းကို ဆုအဖြစ်ပေးတာဆိုတော့ ဈေးကွက်မှာပိုရောင်းရလေ ဆုပိုများလေဆိုတဲ့ သဘောပါ" ဟု ယင်းဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မတ်လတွင်ထွက်မည့် ကျပ်တစ်ထောင်တန်ထီတွင် ကျပ်သိန်းတစ်သောင်းခွဲတစ်ဆု၊ ကျပ်သိန်းငါးထောင် သုံးဆု၊ ကျပ်သိန်းနှစ်ထောင် ငါးဆု၊ ကျပ်သိန်းတစ်ထောင် ငါးဆု ပေးထားပြီး ကျပ်သိန်းငါးရာမှ ကျပ်သိန်းငါးဆယ်အထိ ဆုပေါင်း ရှစ်ဆယ်ကျော် ပေးမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲထံမှ သိရသည်။

ယခုဖွင့်မည့်ထီတွင် ဆုကြီးများတွင် ကျပ်သိန်းနှစ်ထောင်နှင့် ကျပ်သိန်းတစ်ထောင်ဆုများကို ငါးဆုအထိတိုးထားပြီး ဆုအသေးများတွင်လည်း နည်းနည်းစီတိုးထားကြောင်း လက်ပွေ့ထီရောင်းချသူ ဦးစန်းအောင်က ပြောဆိုသည်။

"ဆုပေးတာက ကျပ်ငါးရာတန်ထီမှာလျော့သွားပြီ။ ကျပ်တစ်ထောင်တန်ထီမှာ များထားတာတွေ့တယ်။ အခုလည်း ကျပ်တစ်ထောင်က အသစ်ထွက်မှာမို့လို့ ရောင်းအားကမဆိုးပါဘူး" ဟု ၎င်းကဆိုသည်။

မတ်လတွင်ဖွင့်မည့် ကျပ်ငါးရာတန်ထီတွင် ဆုကြီးအဖြစ် ကျပ်သိန်းတစ်သောင်း တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုသာ ချီးမြှင့်မည်ဖြစ်ပြီး ဆုအသေးများတွင်လည်း ဆုအရေအတွက်လျှော့ထားကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲထံမှ သိရသည်။

J-13