News

POST TYPE

LOCAL

တရုတ်ရုပ်ရှင်ဇာတ်ကားကြောင့် ရန်ကုန်မြို့တွင်းလမ်းများ ပိတ်မည်ကို သရုပ်ဆောင်ကျော်သူ ဝေဖန်
17-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ 

တရုတ်နိုင်ငံမှ လာရောက်ရိုက်ကူးမည့် Line Walker- 2 ရုပ်ရှင်ဇာတ်ကားကြောင့် ဖေဖော်ဝါရီလ ၁၇ ရက် (ယနေ့) မှ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့တွင်း ထင်ရှားသည့်လမ်းအချို့ကို ရက်အလိုက် လမ်းပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီး ကြပ်မှုကော်မတီက ထုတ်ပြန်ထားမှုကို ရုပ်ရှင်သရုပ်ဆောင်ကျော်သူက ဝေဖန် လိုက်သည်။

လမ်းပိတ်၊ လမ်းလွှဲပြုလုပ်မည့်အပေါ် လူမှုကွန်ရက်အသုံးပြုသူများက ဝေဖန်လျက်ရှိရာ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက မြန်မာ့ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများအတွက် တက္ကသိုလ်များ၊ ဆေးရုံများတို့တွင် ရိုက်ကူးခွင့်လျှောက်ထားပါက ဌာနဆိုင်ရာများကို ကြောက်နေရသည့်အတွက် မလွယ်ကူဘဲ နိုင်ငံတကာမှ လာရိုက်ရာတွင်မူ လမ်းများပိတ်ပေးသည်ဟုဆိုကာ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ရေးသားခဲ့သည်။

ထိုသို့လမ်းပိတ်မည့် ကြေညာချက်အပေါ် အများစုကဝေဖန်ကန့်ကွက်နေချိန်တွင် လူမှုကွန်ရက်အသုံးပြုသူတစ်ဦးကမူ “လမ်းပိတ်ပြီး ရုပ်ရှင်ရိုက်တာ မဆန်းပါဘူး။ နယူးယောက်မှာလည်း လုပ်တယ်။ ဒါပေမဲ့ ညမှ လုပ်ကြတာလို့ကြားတယ်။ ဟေလိုဂျင်မီးတွေထောင်ပြီး ညကို နေ့ဖြစ်အောင်ပြောင်းပြီး ရိုက်တာလို့သိရတယ် ဟောင်ကောင်ဆိုတော့ မီးဖိုးက ဟောလိဝုဒ်လို မတတ်နိုင်ဘူးထင်ပါတယ်။ ရုပ်ရှင်ရိုက်တာက Tourism အတွက် ကောင်းပါတယ်”ဟု ရေးသားထားသည်။

အစမ်းလေ့ကျင့်မှုစတင်မည့် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ မဟာဗန္ဓုလပန်းခြံလမ်း အထက်ဘလောက် အနော်ရထာလမ်းမှ စီးတီးစတားဟိုတယ်အထိ ပိတ်ထားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဗဟန်းမြို့နယ်ရှိ ကြားတောရလမ်းအား ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်လမ်းမှ ရေတာရှည်လမ်းအထိ ပိတ်ထားမည်ဖြစ်သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ရန်ကုန်မြို့တွင်းရှိ မဟာဗန္ဓုလပန်းခြံလမ်းအား စီးတီးစတားဟိုတယ်အထိ တစ်နေကုန် လမ်းပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက အသိပေးထားသည်။

အလားတူ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၆ ရက်အထိ ငါးရက်ဆက်တိုက် နံနက် ၆ နာရီမှ ညနေ ၆နာရီအထိ ယာဉ်ကြော ကျပ်တည်း၍ လူသွားလာမှု အများဆုံးနေရာဖြစ်သည့် ဆူးလေဘုရားလမ်းအား အနော်ရထာ လူကူးခုံးကျော်တံတားမှ ဆူးလေဘုရားအနီး လူကူးမျဉ်းကျားအထိ မြို့တွင်းအဝင်လမ်း ညာဘက်တစ်ခြမ်းအား ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာထားသည်။ 

ငါးရက်ပိတ်ထားမည့် ဆူးလေ ဘုရားလမ်း (ညာဘက်) မှ ဝင်သည့် ယာဉ်လိုင်းပေါင်း ၁၀ လိုင်းခန့်ရှိရာ ဆူးလေ- ရွှေပေါက္ကံပြေးဆွဲနေသည့် YBS 36 ယာဉ်မောင်း ဦးမြတ်က “ဆူးလေ ဘုရားလမ်း (ညာလမ်း) အဝင်ပိတ်ထားတဲ့ ရက်တွေမှာ ဗိုလ်ချုပ်လမ်းပဲ ယာဉ်ကြောကျပ်မယ်။ ယာဉ်လမ်းကြောအရဆိုရင် အဖြစ်နိုင်ဆုံးက ဗိုလ်အောင်ကျော်လမ်းကနေဖြတ်ဝင်ပြီး ကုန်သည်လမ်း၊ ကမ်းနား လမ်းတစ်ခုခုကနေ ဆူးလေကို ပတ်ဝင်ရမယ့် သဘောပေါ့”ဟု ပြောဆိုသည်။

J-17