News

POST TYPE

LOCAL

လှိုင်သာယာတွင် ဒုစရိုက်မှုကျူးလွန်တတ်သည့် နေရာများ၌ လုံခြုံရေးကင်မရာများ တပ်မည်
15-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

လှိုင်သာယာမြို့နယ်အတွင်းရှိ ဒုစရိုက်မှု ကျူးလွန်တတ်သည့်နေရာများ၌ လုံခြုံရေးကင်မရာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားသည်။

“လုံခြုံရေး အထူးသတိထားဆောင်ရွက်နေတယ်။ အရေးကြီးတဲ့နေရာတွေ၊ ဒုစရိုက်မှုဖြစ်ပွားနိုင်တဲ့ နေရာတွေမှာ CCTV တွေတပ်ဆင်သွားမှာပါ။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် လှိုင်သာယာမြို့နယ်ကို အထူးအာရုံစိုက်ပြီးတော့ ကြပ်မတ်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောဆိုသည်။

လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်မှ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဦးဝင်းမောင်၏ “လှိုင်သာယာမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုနိုင်စေရန်အတွက် လမ်းဆုံလမ်းခွများနှင့် ဒုစရိုက်မှုကျူးလွန်တတ်သော နေရာများတွင် စီစီတီဗီကင်မရာများ တပ်ဆင်စောင့်ကြည့်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့်ပတ်သက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် လှိုင်သာယာမြို့နယ် ၁၂၇ လမ်းဆုံ၊ တောင်ငူလမ်းဆုံနှင့် ကျန်စစ်သားလမ်းဆုံတွင် ကင်မရာလေးလုံး၊ ညောင်တုန်းလမ်းနှင့် ဦးပုညလမ်းဆုံ၊ တံတားဖြူမှတ်တိုင်တို့တွင် ကင်မရာနှစ်လုံး၊ ပုသိမ်လမ်းနှင့် ကျန်စစ်သားလမ်းဆုံ၊ ဘုရားလမ်းမှတ်တိုင်တို့၌ ကင်မရာနှစ်လုံး၊ ၃ ထိပ်မှတ်တိုင်၊ ညောင်တုန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံတို့တွင် ကင်မရာနှစ်လုံးနှင့် ရုံးရှေ့မှတ်တိုင်၊ ညောင်တုန်းလမ်းနှင့် ကျန်စစ်သားလမ်းဆုံတွင် ကင်မရာနှစ်လုံး တပ်ဆင်ထားပြီးဖြစ်ကြောင်း နယ်လုံဝန်ကြီးက ဆက်လက်ပြောဆိုသည်။

“လူဦးရေအချိုးနဲ့နှိုင်းယှဉ်ရင် ရဲဝန်ထမ်းအရေအတွက် အများကြီးလို အပ်နေပါတယ်။ ဒီရက်ပိုင်းမှာ ရဲစခန်းမှာ တစ်ရက်တစ်ရက်ကို အမှုပေါင်းငါးဆယ်ကျော်လာဖွင့်နေကြတယ်” ဟု ဦးဦးဝင်း မောင်က ထောက်ပြပြောဆိုသည်။

ထို့အပြင် ရပ်ကွက်တစ်ခုချင်းစီနှင့် ကျေးရွာများအပါအဝင် စက်မှုဇုန်နယ် မြေများအလိုက် ဒုစရိုက်မှု မဖြစ်ပွားစေရန် နေ့၊ ည လှည့်ကင်း၊ ရပ်ကင်းများအား မီးတန်းယာဉ်၊ ဆိုင်ကယ်လှည့်ကင်းများဖြင့် ကျော်ဇောသတင်းရှိသူများ၊ ခိုး၊ ဆိုး၊ လု၊ နှိုက်များ၊ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်ဖောက်ကားသူများကို အသွင်ယူ ဖမ်းဆီးဆောင်ရွက်နေကြောင်း နယ်လုံဝန်ကြီးက ထပ်မံပြောကြားသည်။

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ကိုးအုပ်စုနှင့် ကျေးရွာ ပေါင်း ၁၈ ရွာရှိပြီး လူဦးရေ ခုနစ်သိန်းကျော် နေထိုင်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

J-17